ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ငန်းရှင်အချို့ ဝန်ထမ်းများအား လုပ်ခတိုးပေး

ရန်ကုန်မြို့အတွင်းမှ ဈေးတခုအားတွေ့ရစဉ်(Photo – AFP)

ဂျူချန်း

(မဇ္ဈိမ)။ ။မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာမှုကြောင့် လုပ်ငန်းအချို့၌ ဝန်ထမ်းများ အား လုပ်ခလစာတိုးမြှင့်ပေးခြင်းများ ရှိလာသည်။

မေလကုန်နှင့် ဇွန်လဆန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းနှင့် လျှပ်စစ် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှ လုပ်ငန်းရှင်အချို့က ၎င်းတို့၏ဝန်ထမ်းများအား လစာတိုးမြင့်ပေး လိုက်ကြောင်း ကြေညာချက်များအရ သိရသည်။

“ကျမတို့က မေလကုန်က လစာတိုးရတာပေါ့နော်။ ဘယ်လောက်တိုးပေးလဲဆိုတာတော့ MD ကို ပြန်တိုင် ပင်ပြီးမှ ပြောလို့ရမယ်ရှင့်။ ဘာပဲဖြစ်ဖြစ် ကျမတို့ကတော့ လစာပိုရတော့ ဝမ်းသာတာပေါ့။ ခုက အကုန် ခက်ခဲနေတော့ နည်းနည်းတော့ အဆင်ပြေသွားတာပေါ့” ဟု အမည်မဖော်လိုသည့် စက်ပစ္စည်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းတခုမှ ဝန်ထမ်းတဦးက ပြောသည်။

မဇ္ဈိမကတွေ့ရှိထားသည့် လုပ်ခလစာတိုးမြှင့်ပေးကြောင်း ကြေညာထားသောလုပ်ငန်းများမှာ PAM Construction Group ၊ NL Construction ၊ Z&T Art Decoration Myanmr ၊ ခိုင်ခန့် Auto Service ၊ ကော်ဖီဆိုင် Co. Ltd ၊ Ambrosia ကော်ဖီနှင့် ဘား၊ Ohh မူကထ ဘူဖေး၊ Zaw Zaw Mobile Group ၊ Htun Electronic စသည့် လုပ်ငန်းများဖြစ်သည်။

လုပ်ငန်းအချို့သည် ဝန်ထမ်းများအားလုံးကို မူလ လစာ၏ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း တိုးပေးသည် များရှိသကဲ့သို့ လုပ်သက်နှင့်ရာထူးအလိုက် ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးပေးသည်များရှိ ကြောင်း တွေ့ရသည်။

လက်ရှိတွင် ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ အခြေခံစားသောက်ကုန်များလည်း အာဏာသိမ်းစကာလနှင့် နှိုင်းယှဉ်ပါက သုံးဆကျော် ဈေးတက်နေသည်။

“အခြေခံလူတန်းစားတွေဆို မသေရုံတမယ်ပဲ။ စျေးတွေက အကုန် သုံးဆခုန်တက်တာ။ ကြက်ဥတလုံး ၃၀၀ နည်းနည်းကြီးရင် ၃၂၀ ။ မားမားက တနေ့က သွားဝယ်တာ ၆၀၀၊ အခုဆို ၇၀၀ ဖြစ်တဲ့ဆိုင်တွေ ဖြစ်ကုန်ပြီ။ အပြင်စာတွေ မစားရဲဘူး ထမင်းပဲစားနေရတယ်။ ဆီစျေးကြီးလို့ စက်ဘီးတွေနဲ့သွားကြ၊ ဖုန်း လိုင်းမကောင်းတော့ TV တွေပြန်ကြည့်ကြ၊ မီးမမှန်တော့ ဖယောင်းတိုင်းတွေနဲ့ အရင်ခေတ်ကို ပြန်ရောက် ကုန်ပြီ” ဟု မွန်ပြည်နယ်မှ အမျိုးသမီးတဦးက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလမှစတင်ကာ ရွှေဈေး၊ ဒေါ်လာဈေးနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး အာဏာမသိမ်းခင်ကာလတွင် ပေါ်ဆန်း တပြည်လျင် ၂,၃၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ၇,၇၀၀ ကျပ်ရှိလာပြီး စားအုန်းဆီစျေးမှာ ကျပ် ၂,၃၀၀ မှ တပိဿာကို ကျပ် ၁၅,၀၀၀ ဝန်းကျင် ရှိလာသည်။

ထို့ပြင် ယနေ့ကာလပေါက်ဈေးအရ တဒေါ်လာလျင် ၄၃၀၀ ကျပ်သို့ ရောက်ရှိနေပြီး အခေါက်ရွှေ တကျပ် သားလျှင် ၅၂၅၀,၀၀၀ ( ၅၂ သိန်းကျော်)အထိ မြင့်တက်လာသည်။ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်များ အပါအဝင် ရွှေလုပ်ငန်းရှင် ခုနစ်ဦးနှင့် ပွဲစားသုံးဦးကို ဖမ်းဝရမ်းထုတ်ကြောင်း ဇွန်လ ၂ ရက်နေ့ညပိုင်းက ကြေညာ ထားသည်။

စာတည်း။ ။စောဖေ