ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုပြုလုပ်

ပုံ – ရေဘဝဲ ((ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

စိုင်ခန့်

မဇ္စျိမ။ ။ရန်ကုန်တွင် ယနေ့(ဇွန်လ ၁၉ ရက်)တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် “SUU” စာသားကိုင်ဆောင်ပြီး တကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

လှုပ်ရှားမှုကို ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ တော်လှန်လူငယ်အမျိုးသမီးတဦးက ရန်ကုန်မြို့ရှိ လမ်းမတနေရာ၌ ပြုလုပ်ခြင်း ဖြစ်သည်။

စစ်အစိုးရ ခေတ်အဆက်အဆက် တုန်လှုပ်ချောက်ချားစွာ “သူမ” “အမျိုးသမီး” “မိန်းမကြီး” “ဦးအောင်ဆန်းသမီး” လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးနှုန်းခေါ်ဆိုခဲ့ကြတဲ့ သံမဏိနှင်းဆီ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ဆို ၇၉ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း ရေဘဝဲအဖွဲ့အစည်းက ထုတ်ပြန်သည်။

ထို့ကြောင့် ရေဘဝဲအနေဖြင့် စစ်ဘီလူး ဖက်ဆစ်မိစ္ဆာတွေ ကြောက်ဒူးတုန်စေသည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်တို ” စု ” ဆိုတဲ့စာလုံးနဲ့ လူထုတရပ်လုံး ပါဝင်ဆင်နွှဲကြမယ့် ပန်းသပိတ် (ခေါ်) သံမဏိနှင်းဆီရဲ့သင်္ကေတ ” နှင်းဆီပန်းပွင့်ပုံ” ကို နှစ်ခုပေါင်းစပ်ကိုင်ဆောင်ပြီး တကိုယ်တော်လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားအားလုံး အချုပ်အနှောင်များမှ အမြန်ဆုံးလွတ်မြောက်ကာ ဘုန်းကံကြီးပြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း လူထုနဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရတာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းထောင်တွင်း ဖြတ်သန်းရသည့် လေးနှစ်မြောက်မွေးနေ့ ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)