တိုကျိုနှင့် အိုဆာကာတွင်ပြုလုပ်သည့် တော်လှန်သင်္ကြန်ပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၇,၀၀၀ ခန့်ရရှိ

ကီရာ

(မဇ္ဈိမ)။ ။ဂျပန်နိုင်ငံ တိုကျိုနှင့် အိုဆာကာမြို့တွင် ပြီးခဲ့သည့် ဧပြီလအတွင်းကပြုလုပ်ခဲ့သည့် ထောက်ပို့ တော်လှန်နွေဦးသင်္ကြန်ပွဲမှ အလှူငွေ ကျပ်သိန်း ၇,၀၀၀ ခန့်ရရှိခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများထံ မှ သိရသည်။

ဧပြီလ ၁၄ ရက်နေ့က တိုကျိုမြို့ ခိဘပန်းခြံ၌ပြုလုပ်ခဲ့သည့် ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲတွင် အလှူငွေ ကျပ်သိန်း ၅,၀၀၀ ခန့်ရရှိခဲ့ပြီး အဆိုပါအလှူငွေများကို NUG အစိုးရနှင့် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးတို့သို့ ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“မနှစ်ကတော့ ၅၀ ရာခိုင်နှုန်းကို NUG ရုံးခန်းခ၊ ရုံးလည်ပတ်ရေး၊ နယ်စပ်စာသင်ကျောင်းတွေမှာရှိတဲ့ ကလေးတွေပညာရေးအတွက်နဲ့ ဂျပန်ပြည်တွင်းကို NUG ဝန်ကြီးများနဲ့ ရုံးအဖွဲ့ဝင်များ နိုင်ငံရေးနဲ့ စည်းရုံး ရေးခရီးစဉ်တွေ သွားလာရေးအတွက်အသုံးပြုပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ NUG ရဲ့ စီမံဘဏ္ဏာဝန် ကြီးဌာနကို လှူဒါန်းခဲ့ပါတယ်”ဟု နွေဦးသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်တဦးက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့က အိုဆာကာမြို့ ယောခုချိပန်းခြံ၌ပြုလုပ်သည့် အောင်ပွဲခံမယ်ထောက်ပို့သင်္ကြန်ပွဲ တွင် အလှူငွေကျပ်သိန်း ၂,၀၀၀ ခန့်ရရှိခဲ့ပြီး NUG သို့ ၂၀ ရာခိုင်နှုန်းနှင့် တော်လှန်ရေးတပ်ဖွဲ့များသို့ ၈၀ ရာခိုင်နှုန်းလှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့လူထုကူညီထောက်ပံ့ရေးအသင်းဒုဥက္ကဋ္ဌ ဦးကောင်းချစ်သဲ က ပြောသည်။

တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ပို့ရန်ရည်ရွယ်ကာ ဂျပန်နိုင်ငံအနှံ့တွင် ရန်ပုံငွေပွဲတော်များပြု လုပ်လျက်ရှိပြီး လာမည့် ဇွန်လ ၉ ရက်နေ့တွင်လည်း ကိုဘေးမြို့၌ စစ်ဘေးရှောင်ရန်ပုံငွေပွဲအဖြစ် အောင်ပွဲရည်မှန်းကိုဘေးသင်္ကြန်ပန်း ရန်ပုံငွေပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် ဝင်ကြေးအနေဖြင့် ယန်း ၂,၀၀၀ သတ်မှတ်ထားပြီး မြန်မာမုန့်များလည်း ရောင်းချပေးသွား မည်ဖြစ်ကာ နံနက် ၁၁ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ