ချင်းတွင် စစ်ကောင်စီတပ်ကင်းစင်ရေး ပူးပေါင်းတိုက်ခိုက်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဆွေးနွေး

ပုံအညွှန်း - တတိယအကြိမ်ကာကွယ်ရေးဆိုင်ရာအစည်းအဝေးတွင် ချင်းကာကွယ်ရေးခေါင်းဆောင်များကိုမြင်တွေ့ရစဥ် (Photo)- ချင်းပြည်ကောင်စီ

ပါခွီး

(မဇ္စျိမ) ။ ။ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ကင်းစင်ရေးစစ်ကောင်စီတပ်ကင်းစင်ရေးအတွက် ဗျူဟာကျသည့်စခန်းများအား ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ချင်းပြည်အစိုးရ၏ တတိယအကြိမ်ကာကွယ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ချင်းလုံမြို့တွင် မေလ၃၁ရက်နေ့က ကျင်းပခဲ့စဉ် ချင်းအမျိုးသားတပ်ဦးအပါအဝင် ချင်းကာကွယ်ရေး၁၄ဖွဲ့ကဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို အမြန်ဆုံးသိမ်းပိုက်နိုင်ရန်အဓိကရည်ရွယ်ချက်ထားပြီး အတူတူပူးပေါင်းတိုက်ခိုက်နိုင်ရေးက်ို ဆွေးနွေးခဲ့ကြသည်ဟု ချင်းပြည်ကောင်စီအထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်ကမဇ္စျိမ ကိုပြောသည်။

လတ်တလော နောက်ဆုံး စစ်ရေးအကောင်အထည် ဖော်ခဲ့သည့် ကျီးခါးနှင့်တွန်းဇံမြို့သိမ်းတိုက်ပွဲများသည် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဟု ဆလိုင်းပေါလ်ကဆက်ပြောသည်။

မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများမဟုတ်သော်လည်း ထန်တလန် ၊ ဟားခါးမြို့နယ်များတွင် တိုက်ပွဲငယ်များ ဖြစ်နေသည်ဟု ၎င်းက အသိ‌ပေးသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များသည် မြို့ကို ကာကွယ်အုပ်ချုပ်ရန်ထက် တပ်စခန်းများ မကျရေးအတွက် ခံစစ်ပုံစံတည်ဆောက်ထားကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်းရေးမှူးကသုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ချင်းညီနောင်အဖွဲ့များ တိုက်ခိုက်နေသည့် တီးတိန်မြို့ကို အမြန်ဆုံးသိမ်းနိုင်ရန် အားပေးပြီး အကယ်၍ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ရန် ဖိတ်ခေါ်ပါက ကြိုဆိုသည်ဟု ဆလိုင်းပေါလ်ကဆိုသည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို  PDF – Zoland အပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်များက မေလ ၂၆ ရက်နေ့ ညမှစတင်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မေလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)ရုံးနှင့် မိုက်ခရိုဆက်သွယ်ရေးရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့(ဇွန်လ၃ရက်)အထိ စစ်ရေးတင်းမာနေကြောင်းသတင်းရရှိသည်။

ယခုဆင်နွှဲနေသည့်တိုက်ပွဲများသည် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး နောက်ဆုံးတိုက်ပွဲဖြစ်ပြီး ထိခိုက်မှုလည်းများနိုင်သောကြောင့် ပြည်သူများအနေဖြင့်အမှန်တရားဘက်မှ မားမားမတ်မတ်ရပ်တည်ပြီး ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်ပေးကြရန်လည်း
ချင်းပြည်ကောင်စီအထွေထွေအတွင်းရေးမှူးက
မေတ္တာရပ်ခံထားသည်။

စာတည်း – အေးချမ်း