တော်လှန်ရေး စိုးမိုးနယ်မြေများတွင် ချေးငွေထုတ်ပေးသွားမည်ဟု NUG ပြော

ပုံအညွှန်း- စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ရိုက်ကူးထားသောပုံ (Photo- AFP)

ရွှေနွယ်
တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေများတွင် SDB (နွေဦးဖွံ့ဖြိုးရေးဘဏ်) က ချေးငွေထုတ်ချေးပေးရန် NUG က စီစဉ်နေပြီး အမှန်တကယ်လိုအပ်နေသူများကိုသာ ထုတ်ချေးသွားမည်ဟု NUG စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
“မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စီးပွားရေးပျက်ကပ်” ခေါင်းစဉ်နှင့် ယနေ့ ဇွန်လ ၃ ရက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သက်ဆိုင်ရာ ဒေသမှာရှိကြတဲ့ တပိုင်တနိုင်လုပ်ငန်းစုတွေ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစုတွေမှာ အခုဒီကာလမှာ အရေးပေါ်လိုနေတဲ့ဟာကို ကျွန်တော်တို့ တတ်နိုင်တဲ့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်မှုဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
SDB ဘဏ်မှ ငွေကြေးများသည် ပြည်သူလူထုမှ အပ်နှံထားသည့် ငွေကြေးများဖြစ်သည့်အတွက် ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်နေသော ပြည်သူလူထုအတွက်သာ ထိရောက်သော အကျိုးပြုမှုဖြစ်စေရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း ဝန်ကြီးက ပြောသည်။
“အသိပညာပေးမယ့် နည်းပညာပိုင်းအရ Training တွေကိုပါ ကျွန်တော်တို့ ချိတ်တွဲပြီးတော့ လုပ်ဆောင်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အချိန်လေး နည်းနည်း ယူနေတာပါ။ ဒါပေမယ့် စပြီးပြီဆိုရင်တော့ ကျွန်တော်တို့ အရှိန်ရသွားမယ်လို့ ယုံကြည်ပါတယ်” ဟု ဝန်ကြီးဦးတင်ထွန်းနိုင်က မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်ဖြေသည်။
ပြည်တွင်းစီးပွားရေးအကြပ်အတည်းကြောင့် ငွေကြေးလိုအပ်ချက် အမှန်တကယ် ဖြစ်ပေါ်နေသူများသာ ရရှိမည့် အဆိုပါ အသေးစားချေးငွေ ထုတ်ပေးမည့် အစီအစဉ်ကို စတင်နိုင်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်ပြီဖြစ်ကြောင်း သိရသည်။
ချင်းအမျိုးသားတပ်ဦး CNF နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နယ်မြေများတွင် ရှေ့ပြေးစီမံကိန်းအဖြစ် စတင်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း ဝန်ကြီးက ပြောသည်။
“သူတို့(CNF) ဘက်ကနေပြီးတော့ စီးပွားရေးအစီအစဉ် တင်လာတာရှိတယ်။ အဲ့တာကို ကျွန်တော်တို့ SDB (နွေဦးဖွံ့ဖြိုးရေးဘဏ်) အနေနဲ့ ပထမဆုံး ရှေ့ပြေးစီမံကိန်း အနေနဲ့ ဒေါ်လာငါးသိန်းလောက် စပြီးတော့ အသေးစိတ် ညှိနှိုင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီနှစ်ထဲမှာပဲ ဖြစ်အောင်ကျွန်တော် ဆောင်ရွက်မယ်” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
စစ်ကောင်စီထိန်းချုပ်မှုအောက် ရှိနေသော မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေသည် “ပျက်ကပ်သို့ ဆိုက်ရောက်နေပြီ” ဟုလည်း သတင်းစာရှင်းလင်းပွဲ”ဝန်ကြီးဦးတင်ထွန်းနိုင်နှင့် NUG ကြားကာလဗဟိုဘဏ်အထူးအကြံပေး မစ္စတာရှောင်တာနဲလ်တို့က သုံးနှုန်းပြောဆိုသွားသည်။

စာတည်း။ ။ နောင်နောင်