ရှမ်းမြောက်တွင် KIA နှင့်ပြဿနာကြီးထွားလာမှု ကြားဝင်​ဖြေရှင်း​ပေးရန် FFPNCC ထံ TNLA ​တောင်းဆို

TNLA ဗိုလ်မှူးချုပ်တာဘုန်း​​ကျော်နှင့် အဖွဲ့ဝင်အချို့ ​ဖေ​ဖော်ဝါရီလအတွင်းက ​နမ့်ခမ်းမြို့သို့ သွား​ရောက်စဥ် (ဓါတ်ပုံ -TNLA သတင်းနှင့်ပြန်ကြား​ရေးဌာန)

001

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)တို့အကြား ပြဿနာကြီးထွားလာမှုကို ကြားဝင်​ဖြေရှင်း​ပေးရန် TNLA က တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့ပါဝင်သည့် FPNCC ထံသို့ ​​TNLAက တောင်းဆိုထား​သည်။

“တအာင်းပြည်အတွင်း စစ်ဘေးဒဏ်ကြာရှည်ခံစားနေရသည့် မိဘပြည်သူများကို စာနာနားလည်ကာကွယ်‌ပေးနိုင်ရန်အတွက် တအာင်းပြည်အတွင်း အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပေါ်ပေါက်နေသည့် ပြဿနာများကို ကြားဝင်ဖြေရှင်းပေးပါရန် အထူးမေတ္တာ ရပ်ခံတောင်းခံတင်ပြအပ်ပါသည်”ဟု FPNCC ထံ မေလ ၃၁ရက်က TNLA ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

လက်ရှိတွင် KIA ၏ လုပ်ရပ်များ​​ကြောင့် TNLA ​အောက်​​ခြေတပ်ဖွဲ့များနှင့် မကြာခဏ ပွတ်တိုက်မှုများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်အဖွဲ့အစည်း၏ ပြဿနာမှာ ထိန်းသိမ်းရန်ခက်ခဲသည့် အ​ခြေအ​နေသို့​ရောက်ရှိလာဖြစ်​ကြောင်းလည်းပါရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ‌၂၀‌‌၂‌‌၃ခုနှစ်၊‌ အောက်တိုဘာလ ၂၇ရက်မှစတင်၍ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေါ့နှင့် မိုင်းလုံစသည့် မြို့ခုနှစ်မြို့ကို သိမ်းပိုက်ရရှိထားသည်။

လက်ရှိတွင် မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်ဒေသတို့တွင် TNLA ၏ အုပ်ချုပ်ရေး၊ ပညာရေး၊ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မဟာမိတ်အဖွဲ့ဖြစ်သည့် KIA က နှောင့်ယှက်ဟန့်တားမှုများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်လျက်ရှိကြောင်း TNLA က ပြောထားသည်။

ထို့ပြင် KIA အနေဖြင့် ဒေသခံပြည်သူလူထုများအပေါ် အခွန်မတရားတိုးမြှင့်ကောက်ခံခြင်း၊ ဖမ်းဆီးခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းနှင့် နယ်မြေဒေသအပေါ် အမျိုးမျိုးစိုးမိုးခြယ်လှယ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း TNLA က စွပ်စွဲထားသည်။

လတ်တ​လောတွင်လည်း TNLA၏ စီမံခန့်ခွဲမှုအောက်ရှိ မန်တုံမြို့နယ် အွည်လော-မိုင်းဘော်ဒေသမှ ဘော်ဟိုကျန့် သတ္တုတွင်းလုပ်ငန်းကို KIAမှ လုပ်ငန်းများ ရှေ့ဆက်မလုပ်နိုင်အောင် အမျိုးမျိုးနှောင့်ယှက်ပိတ်ဆို့နေကြောင်းလည်း ဖော်ပြထားသည်။

TNLA အနေဖြင့် ၎င်းတို့ဒေသအား အမျိုးမျိုးနှောင့်ယှက်သူများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

ဝတပ်ဖွဲ့ UWSA ကဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် KIA ၊ TNLA ၊ MNDAA ၊ NDAA ၊ SSPP နှင့် AA တို့ ပါဝင်သည်။

လက်ရှိ FPNCC ကို ကြားဝင်ဖြေရှင်းပေးရန် TNLA ၏ တောင်းခံထားမှုနှင့်ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အခုလောလောဆယ်ကတော့ စာပဲတွေ့ရတာ။ ကျွန်တော်တို့ KIO ဗဟိုကော်မတီရဲ့ တုံ့ပြန်ချက်တွေ​ပေါ့​နော်။ ဘာမှမရှိသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ သတင်းဌာန အနေနဲ့တော့ ဘာမှ ပြောစရာမရှိသေးပါဘူး။ မနက်ဖြန် သဘက်ခါ KIO ဗဟိုကော်မတီရဲ့ ဘယ်လိုတုံ့ပြန်မယ်ဆိုတဲ့ဟာရှိလို့ရှိရင်တော့ ပြောပြလို့ရပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလထဲတွင် ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် KIA ဆက်ဆံ​ရေးရုံးကို ပိတ်သိမ်းရန် TNLAက သတိ​ပေးမှုများ၊ ​ဖေ​ဖော်ဝါရီလထဲတွင်လည်း ကချင်အမျိုးသား​တော်လှန်​ရေး​နေ့အခမ်းအနားကျင်းပရန် ကွတ်ခိုင်မြို့ထဲတွင် KIAက အလံလွှင့်ထူခဲ့မှုကို TNLAက တားမြစ်ခြင်းများရှိခဲ့သည်။

နှစ်ဖက်တပ်ဖွဲ့ကြား ပဋိပက္ခမဖြစ်ရန်နှင့် ထာဝရမဟာမိတ်သဘောတူစာချုပ်ကို ဆက်လက်အသိအမှတ်ပြုထိန်းသိမ်းသွားရန် ၂၀၂၃ခုနှစ်၊မေလက ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသ၌ KIA နှင့် TNLA မှ နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး သဘောတူခဲ့ကြသည်။KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း  တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုများကို စစ်ရေးဖြင့်ဖြေရှင်းရန်ဆန္ဒမရှိဘဲ သမိုင်းကြောင်းအခြေခံပြီးဆွေးနွေးဖြေရှင်းရန်ဆန္ဒရှိကြောင်း ဖေဖော်ဝါရီ လ၅ရက်တွင် ကျရောက်သည့် KIAတည်ထောင်ခြင်း(၆၃)နှစ်ပြည့်နေ့ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း‌တွင် KIA ၊ TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ကိုးကန့်တပ် (MNDAA)တို့ အဓိက လှုပ်ရှားနေပြီး အဆိုပါအဖွဲ့များအကြား နယ်မြေအငြင်းပွားမှုများ ရှိနေသည်။

လက်ရှိ နမ့်ခမ်းမြို့တွင်လည်း TNLA နှင့် SSPP တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် တင်းမာမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း – အေးချမ်း