ကျင်ဒွေးမြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ကြိုဆို

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှ အပြန် ရဲဘော်များ/ဓါတ်ပုံ – CDF – Mindat/ Matupi

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ချင်းတော်လှန်ရေးရဲဘော်များ ပြန်လာစဥ် ပြည်သူလူထုက အောင်သပြေပန်းများဖြင့်ကြိုဆိုခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) (CDF – Mindat) က မေလ ၆ရက်နေ့တွင်ထုတ်ပြန်သည်။

အောင်ပွဲရလာသည့် ရဲဘော်များကို မေလ ၅ရက်နေ့တွင် ပြည်သူများကကြိုဆိုခဲ့ခြင်း ဖြစ်ပြီး နွေးထွေးစွာကြိုဆိုပေးသည့် ပြည်သူများကိုအထူးကျေးဇူးတင်သည် ဟု CDF – Mindat ကဆိုသည်။

အလားတူ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) က ရဲဘော်များအားလုံးကိုကျေးဇူးတင်ကြောင်း တပ်ဖွဲ့ တာဝန် ရှိသူကလူမှုကွန်ရက်တွင်ရေးသားထားသည်။

၎င်းက “ ရဲဘော်အားလုံးကို ကျေးဇူးတင်တယ် ၊ ရရှိလာတဲ့ အတွေ့အကြုံနဲ့ ရှေ့ခရီး ဆက်ကြမယ်” ဟု ဆိုသည်။

သမိုင်းဝင်သော ကျင်ဒွေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် တောင်ပေါ်သားများနှင့် ယောဒေသတော်လှန်ရေးတပ်ဖွဲ့ ၊ ဗမာညီအကိုများနှင့် အစစအရာရာကူညီခဲ့သော အာရက္ခတပ်တော်တို့ကိုလည်းကျေးဇူးတင်ကြောင်းနှင့် အသက် ၊ သွေး ၊ ချွေး ပေးဆပ်ခဲ့သော ရဲဘော်များကို အလေးနီပြုကြောင်းဖော်ပြထားသည်။

ကျင်ဒွေးမြို့ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှ စတင်ပြီး CDF နှင့် PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မေလ ၇ရက်နေ့တွင် “ချင်းညီနောင်” စစ်ဆင်ရေး နာမည် ဖြင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များ ၊ ယောကာကွယ်ရေးအဖွဲ့ ၊ Generation Z Army ၊ BNRA ၊ LPDFနှင့် အာရက္ခတပ်တော်(AA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ကလည်း ကျင်ဒွေးမြို့မကျရေးအတွက် လေကြောင်းအသုံးပြုမှု ၃၂၃ကြိမ်ရှိခဲ့ပြီး တပ်ဖွဲ့ ဝင်အင်အား ၅၀၀ခန့် ဖြည့်တင်းခြင်း၊ တိုက်လေယာဥ် ၊ရဟတ်ယာဥ်များဖြင့်တိုက်ခိုက်ခြင်းနှင့် ကင်းထောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်းလက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား များအရှင်ဖမ်းမိကာ ကျန်တပ်ဖွဲ့ဝင်များစခန်းစွန့်ခွာ၍ တောအတွင်းထွက်ပြေးသွား သဖြင့် တော်လှန်ရေးတပ်များက လိုက်လံရှင်းလင်းနေကြောင်းသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး