မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံး

ပုံအညွှန်း- မန္တလေးမြို့ နာရီစင်ကို တွေ့ရစဉ်

ပုံအညွှန်း- မန္တလေးမြို့ နာရီစင်ကို တွေ့ရစဉ်

၀၀၈

(မဇ္ဈိမ) ။ ။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလွင်သည် ယနေ့ (ဇွန် ၅ ရက်)၊ နံနက် ၈ နာရီခန့်က လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံများက မဇ္ဈိမကို အတည်ပြုသည်။

(ဇ) ရပ်ကွက်၊ ၁၃၃ လမ်းနှင့် ၅၃ လမ်းထောင့်ရှိ မြင့်ကျော်သူ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလွင်ကို အမည်မသိ သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ (ဇ) ရပ်ကွက်မှာတော့ မကောင်းတဲ့နေရာမှာ အတော်နာမည် ဆိုးထွက်တဲ့ အုပ်ကြီးပဲ။ စစ်မှုထမ်းဖို့ လူစုတဲ့နေရာမှာလည်း ရပ်ကွက်အပေါ် ဇွတ်လုပ်တာတွေရှိတယ်။ ကောင်းကွက်ကတော့ မရှိပါဘူး။ သူ့အသက်က ၅၇၊ ၅၈ လောက်ရှိမယ်။သူ့ကြောင့် ရပ်ကွက်ထဲက ကလေးတွေ စစ်ထဲ ပါသွား တာရှိတယ်။ အဖမ်းခံရတာရှိတယ်”ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတဦးကလည်း “ကိုရဲလွင်က ဒီဆိုင်ထိုင်နေကျဗျ။ မနက်ပိုင်းဆိုတော့ ဆိုင်က လူနည်းနည်းစည်နေတဲ့အချိန် ကျွန်တော်တို့လည်း သေနတ်ပစ်သံတွေကြားမှ သိတာပဲ။ ခြောက်ချက်လောက်ကြားရတယ်၊ ခေါင်းမှန်တာပဲ၊ ပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့ မောင်းပြေးသွားတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူမှုကူညီရေးအသင်းကားဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး အနီးရှိ CCTV ကင်မရာများကို စစ်ဆေးခြင်း၊ (ဇ) ရပ်ကွက် အဝင်အထွက်ကို ပိတ်ဆို့စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်