ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်ပါက ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်နိုင်

The Hong Kong Post

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ပါက ကမ္ဘာ့နိုင်ငံများသည် ကြီးမားသော စီးပွားရေး ဆုံးရှုံးမှုကဲ့သို့ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။ အဓိကအင်အားကြီးနိုင်ငံများလည်း ပဋိပက္ခတွင် ပါဝင်လာနိုင်ခြေမြင့်မားပြီး ယင်းက ကမ္ဘာ့ကုန်သွယ်ရေးကို အနှောင့်အယှက်ဖြစ်စေကာ ကမ္ဘာ့ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းကို ဆုံးရှုံးစေလိမ့်မည်။ ထိုင်ဝမ်ရေလက်ကြားသည် ကုန်တင်သင်္ဘောများ၏ ၅၀ ရာခိုင်နှုန်းကျော် ဖြတ်သန်းသွားလာနေသောကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်တင်သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးလှသည်။

ထိုင်ဝမ်အပေါ်ပိတ်ဆို့မှု၏ စီးပွားရေးဆိုင်ရာသက်ရောက်မှုသည် ကိုဗစ်ကပ်ရောဂါကာလအတွင်းကြုံရသည်ထက် ပိုမိုကြီးမားမည်ဟု မျှော်လင့်ထားကြောင်း အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီး အီလိုင်ရက်နာက ပြောသည်။”ကမ္ဘာ့စီးပွားရေးက ရုတ်တရက်ကျဆင်းနေတာ။ တရုတ်က ထိုင်ဝမ်ကိုပိတ်ဆို့လိုက်ရင် ကမ္ဘာပေါ်သက်ရောက်မယ့် စီးပွားရေးဆုံးရှုံးမှုတွေကို ခံနိုင်ရည်စွမ်းရှိကြမှာမဟုတ်ဘူး” ဟု ၎င်းက အစောပိုင်းက ပြောကြားခဲ့သည်။

တရုတ်-ထိုင်ဝမ် ပဋိပက္ခသည် သင်္ဘောများကို ပိတ်ဆို့ခြင်းနှင့် တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်စေနိုင်သောကြောင့် ကမ္ဘာ့ထုတ်လုပ်ဖြန့်ဖြူးရေးကို အနှောင့်အယှက်ဖြစ်စေမည်ဖြစ်သည်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ အတင့်ရဲလာသောကြောင့် နိုင်ငံအများအပြားသည် ဖြစ်ပေါ်လာသည့်အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လာပြီး ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် တောင်းဆိုခဲ့ကြသည်။
တရုတ်သည် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်လျက်ရှိသည်။ ထို့ပြင် တရုတ်သည် ရေကြောင်းနှင့် လေကြောင်း ပိတ်ဆို့ခြင်း၊ ကုန်းရေနှစ်သွယ် ချေမှုန်းခြင်းနှင့် တန်ပြန်ဝင်ရောက်စွက်ဖက်ခြင်းစစ်ဆင်ရေးများကို သဏ္ဍာန်တူလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

တရုတ်ကျူးကျော်မှုသည် ခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားလာလိမ့်မည်ဟု အမေရိကန် အင်ဒို-ပစိဖိတ်ဒေသကွပ်ကဲမှုဆိုင်ရာ ဒုတိယကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး စတီဖင် စကယ်လင်ကာက ပြောကြားခဲ့သည်။
“မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာဆုံးရှုံးပြီး ကမ္ဘာ့စီးပွားရေး ပျက်စီးမှုမှာ ဒေါ်လာထရီလျံနဲ့ချီပြီး ဆုံးရှုံးနိုင်သလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်း ငြိမ်ချမ်းရေးနဲ့တည်ငြိမ်မှုဖြစ်စေခဲ့တဲ့ နိုင်ငံတကာအခင်းအကျင်းထိန်းသိမ်းမှုဟာ အန္တရာယ်ရှိလာနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ရုရှား-ယူကရိန်း၊ အာမေးနီးယား-အဇာဘိုင်ဂျန်နှင့် အစ္စရေး-အီရန်စသည့် ပဋိပက္ခများ အနည်းငယ်ရှိခဲ့သည်။ ကံကောင်းသည်မှာ ၎င်းတို့သည် ပိုမိုကျယ်ပြန့်သော ကမ္ဘာ့ပဋိပက္ခများအထိ မဖြစ်ခဲ့ပေ။ သို့သော် တရုတ်-ထိုင်ဝမ်ပဋိပက္ခမှာမူ ထိုသို့မဟုတ်ပေ။ အမေရိကန်က ထိုင်ဝမ်ကို တရားဝင် ခုခံကာကွယ်မည်ဖြစ်သောကြောင့် တရုတ်ကျူးကျော်ဝင်ရောက်လာပါက ထိုင်ဝမ်ရေလက်ကြားတွင် ပြင်းထန်သော စစ်ရေးပဋိပက္ခ ဖြစ်လာနိုင်ပေသည်။

အမေရိကန်က ကြားဝင်မစွက်ဖက်ခဲ့လျှင်တောင် တရုတ်နှင့်ထိုင်ဝမ်ကြား ပဋိပက္ခက ယူကရိန်းစစ်ပွဲထက် ပိုဆိုးရွားသော သက်ရောက်မှုရှိပေလိမ့်မည်။ နှစ်နိုင်ငံစလုံးသည် ကမ္ဘာ့စီးပွားရေးတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေသောကြောင့် နိုင်ငံတကာ နိုင်ငံရေးရာ ဘောဂဗေဒပညာရှင် မင်ဟွာချန်းက “အမေရိကန်က စစ်ရေးအရ တိုက်ရိုက် စွက်ဖက်မှုမရှိရင်တောင် ထိုင်ဝမ်-တရုတ် စစ်ပွဲဟာ အစုလိုက်အပြုံလိုက် ဖျက်ဆီးတဲ့ လက်နက်လို ကမ္ဘာ့စီးပွားရေးကို ဖျက်ဆီးပစ်လိမ့်မယ်” ဟု ဆိုသည်။

ထိုင်ဝမ် တိုက်ခိုက်ခံရပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက တရုတ်ကို ချေမှုန်းလိမ့်မည်ဟု စစ်ရေးနှင့် ကာကွယ်ရေးဗျူဟာ ကျွမ်းကျင်သူများအဖွဲ့က ကောက်ချက်ချခဲ့ကြသည်။
သို့သော် ယင်းက ဆုံးရှုံးမှုများပေလိမ့်မည်။ အသစ်ခန့်အပ်ထားသော တရုတ်ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီးတောင်ကျန်းက
ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အလားအလာသည် ပို၍ ပျက်ပြယ်သွားကြောင်း စစ်ရေးအပေါ် အရိပ်အမြွက် ပြောကြားခဲ့သည်။
ရေတပ်ဗိုလ်ချုပ်ကြီးတောင်ကျန်းက ထိုင်ဝမ်ကို ထောက်ခံအားပေးသည့် ပြင်ပအင်အားစုများသည် မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ပြောကာ အမေရိကန်နှင့် မဟာမိတ်များအား ကြားဝင်စွက်ဖက်ခြင်းမပြုရန်ပင် သတိပေးခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားသည် ကမ္ဘာ့ကုန်သွယ်မှု ထက်ဝက်အတွက် အရေးကြီးသော ရေလမ်းကြောင်းဖြစ်သောကြောင့် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ကမ္ဘာ့ကုန်သွယ်မှု ပျက်စီးလိမ့်မည်ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဂျိမ်းစ်ကလယ်ဗာလီက ပြောကြားခဲ့သည်။ ထိုင်ဝမ်စစ်ပွဲဂယက်ကို မည်သည့်နိုင်ငံကမှ ကာကွယ်နိုင်မည်မဟုတ်ဟု ၎င်းကပြောသည်။ ထိုင်ဝမ်စစ်ပွဲအတွက် ဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံခန့်ရှိနိုင်ကာ ကမ္ဘာ့စီးပွားရေး၏ ၁၀ ရာခိုင်နှုန်းတန်ဖိုးရှိကြောင်း Bloomberg Economics က ခန့်မှန်းခဲ့သည်။

ကမ္ဘာ့မြေပုံပေါ် မည်သည့်နေရာ၌ တည်ရှိနေပါစေ နိုင်ငံတိုင်း၏ စီးပွားရေးကို ထိခိုက်စေမည်ဖြစ်သည်။ “ရေလက်ကြားဖြတ်ကျော် စစ်ပွဲဟာ လူသားတွေအတွက် ကြေကွဲစရာကောင်းရုံသာမက အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံတန်ဖိုးရှိတဲ့ ကမ္ဘာ့ကုန်သွယ်မှုကိုလည်း ပျက်စီးစေလိမ့်မယ်။” ဟု ကလယ်ဗာလီက ဆိုသည်။ အမေရိကန်အတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်ပေါ်စေသလို တရုတ်ကိုလည်း ပိုမိုသက်ရောက်နိုင်ပြီး ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုကို အန္တရာယ်ရှိနိုင်ပေသည်။

ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်ရန် တရုတ်က ရွေးချယ်ထားသည်။ အင်အားကြီးနိုင်ငံများသည် ထိုင်ဝမ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်သော အနေအထားကို ထိန်းသိမ်းထားရန် ကြိုးပမ်းနေသောကြောင့် တရုတ်၏ စစ်ရေးလှုပ်ရှားမှုက ထိုနိုင်ငံကြီးများကို ပဋိပက္ခအတွင်းသို့ သေချာပေါက် ဆွဲသွင်းရာရောက်လိမ့်မည်။ စင်္ကာပူ ဒုတိယဝန်ကြီးချုပ် ဂန်ကင်ယောင်းက ထိုအရေးကို တရုတ်-ထိုင်ဝမ်ပဋိပက္ခကို ခေါ်ဆိုခဲ့သည်။

“ဒါဟာ အန္တရာယ်အရှိဆုံး ပေါက်ကွဲလုနီးပါးအခြေအနေတွေထဲက တခုပါ။ ကမ္ဘာ့စီးပွားရေးအတွက် ပြင်းထန်တဲ့ ဂယက်ရိုက်ခတ်မှုတွေလည်းရှိနိုင်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားက ဘယ်ပဋိပက္ခမဆို ပါဝင်ပတ်သက်သူတွေကိုသာမက တကမ္ဘာလုံးကိုပါ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေမှာပါ” ဟု ဂန်ကင်ယောင်းက ပြောသည်။