ထိုင်ဝမ်နှင့် ပေါင်းစည်းရေးသည် ရှောင်လွှဲ၍မရကြောင်း တရုတ်သမ္မတပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်

Reuters

ထိုင်ဝမ်နှင့် တရုတ် “ပြန်လည်ပေါင်းစည်းရေး” သည် ရှောင်လွှဲ၍ မရနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ထိုင်ဝမ်ရွေးကောက်ပွဲ မကျင်းပမီ နှစ်ပတ် အလို၌ ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် သတိပေး ပြောကြားလိုက်သည်။

ထိုင်ဝမ် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပမည့် ဇန်နဝါရီ ၁၃ ရက် သည် တရုတ် နှင့် ထိုင်ဝမ် ကြား ဆက်ဆံရေး တင်းမာနေချိန် ဖြစ်သည်။ တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို အခိုင်အမာ တောင်းဆိုရန် စစ်ရေးအရ ဖိအားများ တိုးမြင့်လျက်ရှိသည်။

ထိုင်ဝမ်ကို ၎င်း ပိုင်နက် အဖြစ် တရုတ်က ယူဆထားပြီး ရှီက မိန့်ခွန်းတွင် စစ်ရေးခြိမ်းခြောက်မှု ကို ထည့်သွင်း ပြောဆိုခြင်းမပြုသော်လည်း ၎င်း ၏ ထိန်းချုပ်မှုအောက်သို့ ရောက်စေရန် အင်အားသုံး လုပ်ဆောင်ခြင်းကို မည်သည့်အခါမှ စွန့်လွှတ်ခြင်း မရှိပေ။

“အမိမြေ ပြန်လည်ပေါင်းစည်းရေးဟာ သမိုင်းဝင် ရှောင်လွှဲလို့ မရပါဘူး” ဟူ ၍ ရှီ က ပြောကြားခဲ့ပြီး “ပြန်လည်ပေါင်းစည်းရေးကို တရုတ် က သေချာပေါက် လုပ်ဆောင်မည်” ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန က ဖော်ပြခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဘက်စလုံးက သွေးချင်းတွေဟာ ဘုံသဘောတူညီတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းပြီး တရုတ်ရဲ့ ပြန်လည် ဆန်းသစ်တောက်ပတဲ့ အနာဂတ်ကို မျှဝေခံစားသင့်တယ်” ဟု ရှီ က ပြောကြားခဲ့သည်။

ရေလက်ကြား တဖက်တချက်ရှိ ပြည်သူများသည် “တအိမ်တည်းမိသားစုဝင်များ” သာဖြစ်ကြောင်း နှင့် “တရုတ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြောရေးကို အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန်” မျှော်လင့်ကြောင်း ရှီက လွန်ခဲ့သည့်နှစ် က ပြောကြားခဲ့သည်။

သမ္မတလောင်းအဖြစ် ဦးဆောင်နေသော လက်ရှိ ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်ပါတီ (DPP) ၏ ဒုသမ္မတ လိုင်ချင်းတီအား အန္တရာယ်များသော ခွဲထွက်ရေးသမားဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၀ တွင် တိုက်ရိုက်ထုတ်လွှင့်သော သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲတွင် လိုင် ၏ မှတ်ချက်အပေါ် “လိုင်သည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် အားထုတ်နေသည့် ခေါင်းမာသူ တဦး ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပြီး ငြိမ်းချမ်းရေး ကို ဖျက်ဆီးသူ” ဖြစ်ကြောင်း တရုတ် ၏ ထိုင်ဝမ်ရေးရာရုံးက တုံ့ပြန်ခဲ့သည်။

“သူ့ရဲ့စကားတွေက ထိပ်တိုက်ရင်ဆိုင်တဲ့အတွေးတွေနဲ့ ပြည့်နေတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ချန်ဘင်ဟွာ က ထုတ်ပြန်ချက်တခုတွင် ပြောကြားခဲ့သည်။

၂၀၁၆ တွင် သမ္မတ စိုင်အင်ဝမ် အာဏာရလာပြီးကတည်းက DPP ဦးဆောင်သော အစိုးရသည် ခွဲထွက်ရေးဝါဒကို အရှိန်မြှင့်ခဲ့ပြီး ယင်းကဲ့သို့ ထိုင်ဝမ်ရေလက်ကြားတလျှောက် ဖလှယ်မှုများကို ဟန့်တားခြင်းသည် ထိုင်ဝမ်ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း ချန်က ပြောကြားသည်။

“DPP အာဏာပိုင်များနှင့် လက်ရှိ ဥက္ကဋ္ဌ ဖြစ်တဲ့ လိုင်ချင်းတီ က သူ့ ရဲ့ တာဝန်ဖြစ်တဲ့ ပေါင်းစည်း‌ရေးကို ရှောင်လွှဲလို့ မရဘူး” ဟု ၎င်း က ထပ်ပြောသည်။ စိုင် နှင့် လိုင် တို့ က တရုတ်နှင့် ဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထိုင်ဝမ်ပြည်သူများက သာ ၎င်း တို့၏ အနာဂတ် ကို ဆုံးဖြတ်နိုင်သည် ဟု DPP က ဆိုသည်။

လိုင် နှင့် အဓိက ပြိုင်ဘက်ဖြစ်သော ကူမင်တန်ပါတီ (KMT) သည် အစဉ်အလာအားဖြင့် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးကို လိုလားသော်လည်း တရုတ် ကို ထောက်ခံသူ မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။ KMT မှ လိုင်နှင့် အဓိ က ပြိုင်ဘက်ဖြစ်သော ဟွာယုအင်း က လိုင် ကို လွတ်လပ်ရေး ထောက်ခံသူ ဟု ဝေဖန်သည်။

တရုတ်သမ္မတနိုင်ငံအစိုးရသည် ၁၉၄၉ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သော မော်စီတုံးကွန်မြူနစ်ကို စစ်ရှုံး ၍ ထိုင်ဝမ် သို့ ထွက်ပြေးခဲ့သူများ ဖြစ်သည်။ တရုတ်သမ္မတနိုင်ငံသည် ထိုင်ဝမ်၏ တရားဝင်အမည်အဖြစ် ဆက်လက်တည်ရှိနေသည်။

ထို့ကြောင့် တရုတ်သမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ မည်သူကမှ လက်အောက်ခံ မဟုတ်ကြောင်း လိုင် က ဒီဇင်ဘာ ၃၀ တွင် ပြောကြားခဲ့သည်။