သံတွဲတွင် စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အရပ်သား ၇ ဦးသေဆုံး၊ ဒေသခံများ စစ်ရှောင်ရန် ပြေးပေါက်ပိတ်

ဓါတ်ပုံ-စစ်ကောင်စီ၏စစ်လေယာဥ်(ပုံအဟောင်း)

ဓါတ်ပုံ-စစ်ကောင်စီ၏စစ်လေယာဥ်(ပုံအဟောင်း)

ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတဦးအပါအဝင် အရပ်သားခုနစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများအနက် ကျောင်းဆရာမတဦးဖြစ်သည့် မချောလှိုင်(၂၅ နှစ်) မှာ ဆေးရုံသို့ပို့ဆောင်စဥ် သွေး ထွက်လွန်ကာသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကို ပြောသည်။

“ပညာရေးပိုင်းကဝန်ထမ်းတွေနဲ့ သံတွဲမြို့အုပ်ချုပ်ရေးပိုင်းတွေက အမြဲအဆက်အသွယ်ရှိနေတာ။ အဲ့ဒီဆရာမက လက်ပြတ်သွားတာ။ အမှန်ဆို ဆင်ခေါင်းရွာနဲ့သံတွဲက ခြောက်မိုင်ပဲဝေးတာကို သံတွဲဆေးရုံ မပို့ဘဲ မိုင် ၄၀ ဝေးတဲ့ တောင်ကုတ်ကိုပို့တော့ သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု ၎င်းကပြောသည်။

ယမန်နေ့(ဇွန်လ ၄ ရက်) မွန်းလွဲပိုင်းတွင် တိုက်ပွဲမရှိဘဲ သံတွဲမြို့မှခြောက်မိုင်အကွာရှိ ဆင်ခေါင်းကျေးရွာ မော်ဖျားရပ်ကွက်မှ ရခိုင်ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်စုကို စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ဆင်ခေါင်းကျေးရွာတဖက်ကမ်းရှိ ငပလီကမ်းခြေမှ လေးမိုင်ကျော်အကွာရှိ ဂေါ့ကျေးရွာအနီးတွင် အာရက္ခ တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂ ရက် ညနေ ၄ နာရီ ၁၂ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ ပြီး ယနေ့ (ဇွန်လ ၅ ရက်) ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ဆဲဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင် လေယာဥ် ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆင်ခေါင်းနှင့် ဂေါ့ကျေးရွာမှဒေသခံများ သံတွဲမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်ကြသော်လည်း စစ်ကောင်စီတပ်က လမ်းထားခြင်းကြောင့် တိမ်းရှောင်ရန် အခက်အခဲဖြစ်နေပြီး ဘေးလွတ်နိုင်ချေရှိသည့်ကျေးရွာများတွင်သာ ခိုလှုံနေရကြောင်း ဒေသခံများက ဆိုသည်။

“အခုညနေအထိ ဂျက်ဖိုက်တာတွေဝဲပြီး ဗုံးကြဲနေတုန်းပဲ။ ဂေါ့ရွာကရွှေ့ပြောင်းသူတွေက တကယ်ဆို သံတွဲမြို့ပေါ်ရောက်ရမှာလေ၊ ဒဏ်ရာရသူတွေလည်း မြို့ပေါ်မရောက်ဘူး၊ သံတွဲဆေးရုံကိုမပို့ဘူး။ စစ်ကောင်စီက ခြယ်လှယ်နေတာ” ဟု သံတွဲမြို့ခံတဦးက မဇ္စျိမကိုပြောသည်။

ထို့ပြင် ဇွန်လ ၃ ရက်နေ့ ညနေ ၃ နာရီတွင် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂေါ့ကျေးရွာ၌ အရပ်သား ရှစ်ဦးသေဆုံးခဲ့ရာ လက်ရှိအချိန်အထိ ၁၅ ဦးဝန်းကျင်သေဆုံးပြီးကြောင်းသိရသည်။ သေဆုံးမှု အရေအတွက်အတိအကျကို မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှစ၍ အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတို့အကြား သံတွဲမြို့နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း၊ ဒေါ်မြ၊ ရွှေလှေတို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မေလကုန်ပိုင်းတွင်သံတွဲ မြို့နယ်၌ ခေတ္တတိုက်ပွဲငြိမ်သက်ခဲ့ပြီး ဇွန်လ ၂ ရက်တွင် သံတွဲမြို့နယ် ဂေါ့ကျေးရွာသွားလမ်းပေါ်ရှိ အနောက်ပိုင်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသောစစ်ကောင်စီတပ်ကို AA ကထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်း မာလာခဲ့သည်။

ဒေသခံများ၏အဆိုအရ တိုက်ပွဲတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၆၆)၊ သံတွဲမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၅၅)တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောမြို့အပါအဝင် တောင်ပိုင်းမှသံတွဲမြို့တို့၌ တိုက်ပွဲပြင်းထန်ကာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံဖြင့် တိုက်ခိုက်လျက်ရှိ ကြောင်း ဒေသခံများကပြောသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် သံတွဲ၊ အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်မြို့များမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို တခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် ရန် စီစဥ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ