တောင်တရုတ်ပင်လယ်တွင် တရုတ်က မရိုးသားသော နည်းဗျူဟာ သုံးနေ

The Hongkong Post

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာကို ပျက်ပြားစေရန် တရုတ်ကွန်မြူနစ်ပါတီ၏ ပြောင်ပြောင်တင်းတင်း ကြိုးပမ်းမှုများသည် အန္တရာယ်ရှိသော အလှည့်အပြောင်းတခု ဖြစ်လာခဲ့သည်။ မကြာသေးမီက တရုတ်သံတမန်များသည် ဖိလစ်ပိုင်အရာရှိများကြား စကားပြောဆိုမှုများကို လျှို့ဝှက်မှတ်တမ်းတင်ခဲ့ပြီး တရုတ်၏ နည်းဗျူဟာအရ လှည့်ဖြားမှု၊ ဝင်ရောက်စွက်ဖက်မှုနှင့် အနိုင်ကျင့်မှုများ အဖြစ် ပေါက်ကြားလာခဲ့သည်။

အဆိုပါ လုပ်ရပ်များကို သံတမန်ရေး သဘောတူညီချက်များအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ဖိလစ်ပိုင် အာဏာပိုင်များ က ရှုတ်ချခဲ့သည်။ အမျိုးသားလုံခြုံရေးအကြံပေး အဲဒူရာဒို အန်နို က ထိုကဲ့သို့သော “ဆိုးရွားသောသြဇာလွှမ်းမိုးမှုနှင့် ဝင်ရောက်စွက်ဖက်မှု” တွင် ပါဝင်ပတ်သက်နေသော တရုတ်သံတမန်များကို နိုင်ငံတွင်းမှ ချက်ခြင်းနှင်ထုတ်ရမည်ဟု ကြေညာခဲ့သည်။ ယင်းမှာ ဖိလစ်ပိုင်အချုပ်အခြာအာဏာအပေါ် တရုတ်ကွန်မြူနစ်ပါတီ ၏ ရန်စမှုများနှင့် ရင်ဆိုင်ရချိန်တွင် မကျေနပ်ချက်များအဖြစ် ကြီးထွားလာခြင်းဖြစ်သည်။

အဆိုပါ အငြင်းပွားမှု၏ အဓိကအချက်မှာ Second Thomas Shoal ဟုလူသိများသော အူရန်ဂျင်း ကျောက်တန်း အနီးတဝိုက် ရှိ တရုတ်က တရားမဝင် သတ်မှတ်တောင်းဆိုနေသော “ရေပြင်နယ်နိမိတ်မျဉ်း (nine-dash line)” အတွင်းရှိ Ren’ai Jiao ကန်းရိုးတန်း အစိတ်အပိုင်း ကြောင့် ဖြစ်သည်။ သေးငယ်သော အဆိုပါ ကမ်းရိုးတန်းသည် တရုတ်ကွန်မြူနစ်ပါတီ မှ အိမ်နီးချင်းနိုင်ငံ ငယ်များအား ခြိမ်းခြောက် အကျပ်ကိုင်မှုမှတဆင့် တောင်တရုတ်ပင်လယ်တခုလုံးကို တင်းကျပ်စွာ ထိန်းချုပ်ရန် ရန်လိုသော အပြုအမူ ဖြစ်သည်။

ပေါက်ကြားလာသော မှတ်တမ်းများသည် အူရန်ဂျင်း ကျောက်တန်း ရှိ ၎င်း၏ကင်းစခန်းသို့ ဖိလစ်ပိုင်၏ လုပ်ရိုးလုပ်စဉ် ပြန်လည်ထောက်ပံ့ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ကောင်းသော “အလွတ်သဘော သဘောတူညီချက်” ကို ရည်ညွှန်းသည်ဟု စွပ်စွဲထားသည်။ မည်သည့် သဘောတူညီချက်မျှ မရှိကြောင်း ဖိလစ်ပိုင် ထိပ်တန်း အရာရှိများက တင်းတင်းကျပ်ကျပ် ပြောခဲ့သည့်တိုင် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် သတင်းအချက်အလက်အမှားများ ထုတ်ပြန်ခြင်းသည် သဘောထားကွဲလွဲမှုများ ဖန်တီးခြင်းဖြစ်သည်။

ယင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ၏ ကြီးမားသော ရည်မှန်းချက်များအား မြှင့်တင်ပေးမည့် အစီအစဉ် ကို ဖော်ပြနေသည်။ တရုတ် ကမ်းရိုးတန်းစောင့် သင်္ဘောများသည် ဖိလစ်ပိုင် သင်္ဘောများကို ရေအမြောက်များဖြင့် ပစ်ခတ်ခဲ့ခြင်းနှင့် ရေတပ်သားများ ထိခိုက်ဒဏ်ရာရမှုကို မှတ်တမ်းတင်ထားသော်လည်း တရုတ်ကွန်မြူနစ်ပါတီ သည် သံတမန်အရာရှိများမှ တဆင့် သတင်းအချက်အလက်အမှားများ ဖန်တီးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ရန် ပြင်ဆင်နေသည်။ ယင်းလုပ်ရပ်များသည် ဖိလစ်ပိုင်ဥပဒေကို ချိုးဖောက်ရုံသာမက ပြည်ပသံတမန်ဆက်ဆံရေး အပေါ် အပြန်အလှန်လေးစားမှုဆိုင်ရာ အခြေခံမူများအား ဖောက်ဖျက်ခြင်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ၏ ဗျူဟာသည် ဖိလစ်ပိုင် အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု အားနည်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို စွန့်လွှတ်ခြင်းနှင့် ပတ်သက်၍ သတင်းအမှားများ ဖန်တီးခြင်းဖြင့် တရုတ်သည် ၎င်း၏ တရားဝင်တောင်းဆိုမှုများကို ဖိလစ်ပိုင်အနေဖြင့် ခုခံကာကွယ်ခြင်းများ နောက်ဆုတ်သွားရန် ဖိအားပေးနိုင်သည့် ပြည်တွင်း မငြိမ်မသက်မှုများဖန်တီးရန် မျှော်လင့်နေသည်။ အဆိုပါ ကဲ့ရဲ့ဖွယ် ကောင်းသော လုပ်ကြံမှုအား ဆန့်ကျင်ရမည်ဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင် ပလဝမ် ကျွန်းမှ ရေမိုင် ၇၅ မိုင်မျှသာဝေးသော အက်စ်ကိုဒါ သို့မဟုတ် ဆာဘီနား ကျောက်တန်း အနီးတွင် တရုတ်မှ ကျွန်းတည်ဆောက်ရေး လုပ်ဆောင်ဖွယ်ရှိသော သတင်းများ ထွက်ပေါ်လာခြင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်သည်။ ကြေမွနေသော သန္တာကျောက်တန်းများ စုပုံနေခြင်းသည် ထပ်တလဲလဲ ဖြစ်နေသော အလွန်ဆိုးရွားသည့် အခြေအနေ ဖြစ်သည်။ သန္တာကျောက်တန်းများကို စစ်ဘက်ဆိုင်ရာ စခန်းများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲခြင်း၊ စပါတလီ ကျွန်း နှင့် ပါရာဆဲလ် ကျွန်း များကို တစစီဖဲ့ထုတ်နေသော တရုတ် ၏ နည်းဗျူဟာသည် ယခုအခါ ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်ကို ထိပါး ခြိမ်းခြောက်နေသည်။

တောင်တရုတ်ပင်လယ်ရှိ တရုတ် ၏ ရေပြင်နယ်နိမိတ် ချဲ့ထွင်ရေးအစီအစဉ်သည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ရေပြင်ပိုင်နက် “nine-dash line” တောင်းဆိုမှုများအတွက် တရားဝင်အခြေခံအချက်များကို ဖယ်ရှားပေးသည့် ၂၀၁၆ အနုညာတခုံရုံးစီရင်ချက်အပါအဝင် တရားဝင်စည်းမျဥ်း ဆုံးဖြတ်ချက်ကို လေးစားရမည့်အစား တရုတ်သည် ရေကြောင်းပြည်သူ့စစ်တပ်များ ချထားမှုနှင့် ကျွန်းခံတပ်များကိုသာ အရှိန်မြှင့်လုပ်ဆောင်နေသည်။

နှစ်စဉ် ကမ္ဘာ့ရေကြောင်း ပို့ဆောင်ဆက်သွယ်ရေး၏ သုံးပုံ တပုံခန့်သည် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းနေရသည်။ တရုတ်အာဏာရှင်စနစ် ၏ လွှမ်းမိုးချုပ်ကိုင်မှုကို လျစ်လျူရှုထားခြင်းသည် ပင်လယ်ရေကြောင်းလုံခြုံရေးတွင် အဓိကကျသော လွတ်လပ်စွာ သွားလာခွင့်ကို ဆိုးရွားစွာ ထိခိုက်စေပြီး ကမ္ဘာ့ စီးပွားရေးကိုလည်း နစ်နာစေမည်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ၏ ရိုးသားမှုမရှိသော နည်းပရိယာယ်များနှင့် စံနှုန်းသတ်မှတ်ချက်များ အားလေးစားလိုက်နာမှု မရှိသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြတ်ပြတ်သားသား ရှုတ်ချရန် တာဝန်ရှိသည်။ တရုတ်သည် ၎င်း၏ ပိုင်နက်နယ်မြေ ကျော်လွန်ဝင်ရောက်ရန် ကြိုးပမ်းရာတွင် စီးပွားရေးအရ ဖိအား‌ပေးမှု၊ ဥပဒေရေးရာနှင့် ခိုင်မာအားကောင်းသော ရေတပ်တည်ရှိမှုတို့ကို အသုံးချ၍ အလွဲသုံးစားမှုအားလုံး လုပ်ဆောင်ပေမည်။

ဖိလစ်ပိုင်သည် ၎င်း၏တရားဝင် အချုပ်အခြာအာဏာ၊ ရပိုင်ခွင့်များနှင့် တရားစီရင်ပိုင်ခွင့် အတွက် အခိုင်အမာ ရပ်တည်ရမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ မရိုးသားသော နည်းဗျူဟာများကို တန်ပြန်ရာတွင် ခေါင်းဆောင်များနှင့် နိုင်ငံသားများသည် ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားပြီးသည့် အတိုင်း စည်းလုံးညီညွတ်စွာ ရင်ဆိုင်ရမည် ဖြစ်သည်။