ဂါဇာစစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် မလေးရှားက အစ္စရေးအလံတင်သင်္ဘောများကို တားမြစ်ပိတ်ပင်

KUALA LUMPUR, Dec 20, 2023 (BSS/AFP)

AFP

ဂါဇာတွင် အစ္စရေး၏ လုပ်ဆောင်ချက်များအပေါ် တုံ့ပြန်သောအားဖြင့် မလေးရှားသည် ၎င်းတို့နိုင်ငံ၏ ဆိပ်ကမ်းများ၌ အစ္စရေးအလံတင်သင်္ဘောများ ဆိုက်ကပ်မှုအပေါ် ဒီဇင်ဘာ ၂၀ ရက်တွင် တားမြစ်ပိတ်ပင်လိုက်သည်။ ဂါဇာ၌ အစ္စရေး၏ လုပ်ရပ်များက “အခြေခံ လူသားချင်းစာနာမှု စည်းမျဉ်းမူ” များကို လျစ်လျူရှုရာရောက်သည်ဟု မလေးရှားက ပြောသည်။

ထို့ပြင် အစ္စရေးသို့ ဦးတည်သွားမည့် သင်္ဘောများကို မလေးရှား၏ ဆိပ်ကမ်းတိုင်းတွင် ကုန်တင်ခြင်းမှ တားမြစ်မည် ဖြစ်ကြောင်းနှင့် ယင်းပိတ်ပင်ချက်က ချက်ချင်း အသက်ဝင်မည် ဖြစ်ကြောင်း မွတ်စလင်အများစုရှိရာ အရှေ့တောင်အာရှနိုင်ငံ မလေးရှား၏ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အစ္စရေး၏ အကြီးဆုံးသော သင်္ဘောကုန်စည်ပို့ဆောင်မှုကုမ္ပဏီ ZIM ကို အန်ဝါက ကွက်၍ ရွေးထုတ်ခဲ့သည်။

မလေးရှားအစိုးရအဖွဲ့သည် ၂၀၀၂ ခုနှစ်က ZIM ၏ သင်္ဘောများကို မလေးရှားဆိပ်ကမ်းများ၌ ဆိုက်ကပ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ ထိုခွင့်ပြုမိန့်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အစ္စရေးအခြေစိုက် ZIM ကုမ္ပဏီကို မလေးရှားရဲ့ ဆိပ်ကမ်းတိုင်းမှာ ဆိုက်ကပ်ခွင့် မပြုဖို့နဲ့ ပိတ်ဆို့တားမြစ်ဖို့ မလေးရှားအစိုးရက ဆုံးဖြတ်လိုက်ပါတယ်” ဟု အန်ဝါက ပြောသည်။

“ပါလက်စတိုင်းတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လူမဆန်ရက်စက်မှုတွေကနေတဆင့် အခြေခံ လူသားချင်းစာနာမှု စည်းမျဉ်းတွေကို လျစ်လျူရှုပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဒီ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်တာဖြစ်တယ်”

မလေးရှားအနေဖြင့် အစ္စရေးအလံ အသုံးပြုသည့် သင်္ဘောများကို နိုင်ငံ၌ ဆိုက်ကပ်ခွင့် မပြုတော့ရန်နှင့် အစ္စရေးသို့ သွားမည့် သင်္ဘောများ မလေးရှားဆိပ်ကမ်းများ၌ ကုန်တင်ခြင်းကို တားမြစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယခု ဆုံးဖြတ်ချက်ကြောင့် မလေးရှား၏ ကုန်သွယ်မှုအပေါ် ထိခိုက်စေမည်မဟုတ်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ် အန်ဝါက ပြောသည်။
မလေးရှားသည် အစ္စရေးနှင့် သံတမန် ဆက်ဆံရေး ရှိမနေပေ။