ခလရ (၁၀၆)မှဗိုလ်မှူးကို ရေးပြောက်ကျားတပ်ဖမ်းဆီး

ပုံအညွှန်း- ရေးပျောက်ကျားတပ် (YGF) က ဇွန်လ ၅ ရက်နေ့တွင် ခလရ(၁၀၆) မှ တပ်ခွဲမှူး ဗိုလ်မှူးသန်းနိုင်စိုးအား ဖမ်းဆီးခဲ့စဉ်

ဗိုလ်မှူးသန်းနိုင်စိုးကို ရေးပြောက်ကျားတပ် (YGF)က ဇွန်လ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့စဉ် \ (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၁၀၆) မှ တပ်ခွဲမှူးဗိုလ်မှူးသန်းနိုင်စိုးကို ဖမ်းမိထားကြောင်း ရေးပြောက်ကျားတပ် (YGF)က သတင်းထုတ်ပြန်သည်။

ဗိုလ်မှူးသန်းနိုင်စိုးကို ဇွန်လ ၅ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ရွာအနီး၌ ဖမ်းဆီးခဲ့ခြင်းဟုYGF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဗိုလ်မှူးသန်းနိုင်စိုးထံမှ MA-5 ပစ္စတိုတလက်၊ MA-3 တလက်နှင့်၎င်း မောင်းနှင်လာသည့် ကားကိုလည်း သိမ်းဆည်းခဲ့သည်ဟုဆိုသည်။ ၎င်းအား ထိန်းသိမ်းထားပြီး အသေးစိတ်စစ်ဆေးမေးမြန်းနေကြောင်း YGFက အသိပေးသည်။

” သူ့(ဗိုလ်မှူးသန်းနိုင်စိုး)ဆီကစစ်ဆေးမေးမြန်းချက်ကိုတော့ပြောလို့မရပါဘူးဗျာ။ သူ့ကိုတော့ သက်ဆိုင်ရာလူကြီးတွေဆီပို့ပြီ အဆင့်ဆင့်လုပ်ဆောင်သွားပါမယ်” ဟု YGF ကတာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) လက်အောက်ခံ ခလရ (၁၀၆) သည် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲတွင် အခြေစိုက်သည်။ ခလရ (၁၀၆) တပ်ရင်းသည် ရေးမြို့နယ်အတွင်းသို့လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများ မကြာခဏပြုလုပ်ကြောင်း ဒေသခံများကပြောသည်။

ရေးပြောက်ကျားတပ် (YGF) သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျောင်းသားတပ်မတော် (ABSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) အပါအဝင် ရေးမြို့နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီအားတိုက်ခိုက်‌နေသောအဖွဲ့ဖြစ်သည်။

စာတည်း – အေးချမ်း