နေပြည်တော် အေလာလေတပ် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခံရ

Brave Warriors for Myanmar (BWM) မြေအောက်ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သော အေလာလေတပ်ပစ်မှတ်များပြ မြေပုံများ

ရွှေနွယ်

နေပြည်တော်ကောင်စီနယ်မြေရှိ အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ယနေ့ (ဧပြီ ၁၁ ရက်နေ့)က ပစ်ခတ်တိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

လေတပ်၏ တိုက်လေယာဉ်များထားရာ အဆောက်အဦများကို ပစ်မှတ်ထားကာ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ၁၀၇ မမ ရှော့တိုက်ဒုန်း ခုနှစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“၂မိုင်နဲ့ ၅ မိုင်ကြားကပါ။ ပြင်းအားကတော့ အများသိပြီးဖြစ်မှာပါ။ ပစ်တဲ့ ခုနှစ်လုံးစလုံးအောင်ပါတယ်” ဟု မြန်မာအတွက် ရဲရင့်သောသူရဲကောင်းများဟုအဓိပ္ပါယ်ရသော အမည်မဖော်သော BWM တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

အေလာလေတပ်တွင် ဆင်ဖြူတော်လေယာဉ်ဟုလည်းခေါ်သည့် သမ္မတအတွက် အထူးလေယာဉ် ATR-72 နှင့် SU-30 အမျိုးအစား ရုရှားလုပ်တိုက်လေယာဉ်များပင် ထားရှိသည်။ ပြောက်ကျားအဖွဲ့အဆိုရ ၎င်းတို့ပစ်မှတ်များတွင် တိုက်လေယာဉ်များထားရှိရာ အဆောက်အဦခြောက်ခုနှင့် တည်ဆောက်ဆဲအဆောက်အဦတခုတို့ဖြစ်သည်ဟုဆိုသည်။

အေလာမြို့ရှိ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အေလာလေတပ်မှာ ကပ်လျက်တည်ရှိပြီး လေယာဉ်ပြေးလမ်းများကို မျှဝေသုံးစွဲနေခြင်းဖြစ်သည်။

ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ BWM တာဝန်ရှိသူက ” လေတပ်အရာရှိ ငါးဦး၊ ရိုးရိုးတပ်ဖွဲ့ဝင် ၁၂ ဦးသေတယ်၊ နောက် ၁၂ ဦးဒဏ်ရာရတယ်၊ ဖိုက်တာလေယဥ်တစင်းထိခိုက်တယ်၊ စစ်ကားသုံးစီးထိခိုက်တယ်၊ ပရိဘောဂပစ္စည်းအများအပြားပျက်စီးတယ်၊ အဓိကပစ္စည်းကြီး နှစ်ခု ပျက်စီးသွားတယ်လို့ အတွင်းသတင်းအရ စုံစမ်းသိရှိရပါတယ်” ဟု ပြောသည်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPT-PDF) တာဝန်ရှိသူတဦးက “ထိရောက်မှု လေတပ်ဝန်းထဲနှစ်လုံးကျတယ်လို့ပဲသိရသေးတယ်” ဟု ပြောသည်။

လေတပ်နှင့်နီးစပ်သည့် အရပ်ဘက်ဝန်ထမ်းတဦးကတော့ ” ညက(ဧပြီ ၁၁ ရက် နံနက်) ၄ နာရီလောက် အေလာကို ရှော့တိုက်ဒုန်းနဲ့လာပစ်သွားသေးတယ်။ ရှော့တိုက်ဒုန်းက လယ်ကွင်းတွေထဲကျတယ်ပြောတယ်။ လေးလုံးကျတယ်ပြောတယ်။ သုံးလုံးကတော့ မကွဲဘူးပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ Viber သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မဇ္ဈိမမှ ဆက်သွယ်၍ အေလာလေတပ်တိုက်ခိုက်ခံရမှုကို မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

ယခုတခေါက်ပြုလုပ်သည့် အေလာလေတပ်တိုက်ခိုက်မှု မစ်ရှင်သည် စတုတ္တအကြိမ်မြောက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း BWM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဧပြီလ ၄ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ကွပ်ကဲစီစဉ်သည့် ကာမီကာဇေဒရုန်းများဖြင့် နေပြည်တော်သို့ ဦးတည်တိုက်ခိုက်မှုအတွင်းတွင်လည်း အေလာလေတပ်ကိုဦးတည်တိုက်ခိုက်မှုပါဝင်ခဲ့သည်။

ထို့ပြင် ကျားသံလုံးစစ်ကြောင်းမှလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက အေလာလေတပ်သို့ ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့မှုဖြစ်ခဲ့သည်။