လိင်စိတ်ခံယူမှုကွဲပြားသူ နိုင်ငံရေးအကျဥ်းသား မုဒိန်းကျင့်ရန် ကြိုးစားခံရပြီး ရိုက်နှက်ခံရ

ပါခွီး

(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း ၊ သာယာဝတီထောင်တွင် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQ) တဦး ကို ရာဇဝတ်အကျဥ်းသားတဦးက မုဒိန်းကျင့်ရန်ကြိုးစားပြီး ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) က မေလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

အသက် ၂၄ နှစ်အရွယ် နိုင်ငံရေး အကျဥ်းသားဖြစ်သည့် ရဲရင့်ကို(ခ) ရဲရဲ (LGBTQ) ကို ဓါးပြမှုနှင့် သေဒဏ်ကျခံနေရသည့် ပြူးကြီး ဆိုသူက ဖေဖော်ဝါရီလ ပထမပတ် အတွင်း မုဒိန်းကျင့်ရန်ကြိုးစားရာ လက်မခံသဖြင့် ကျောက်စရစ်ခဲများ လုံးထားသည့် အရာဝတ္ထုဖြင့် ခေါင်းကို ရိုက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြူးကြီးက တိုက်ကိုအုပ်ချုပ်တဲ့သူကြီးဖြစ်တယ် ။ တိုက်တွေရဲ့ သော့ကိုင်ဖြစ်ပြီး တန်းဖွင့် ၊ တန်းပိတ်တာနဲ့ အကျဥ်းသားအချင်းချင်းအုပ်ချုပ်ဖို့အတွက် ထောင်အာဏာ ပိုင်တွေက တာဝန်ပေးထားတော့ အဲဒါဩဇာအာဏာတွေကိုသုံးပြီး မုဒိန်းကျင့်ဖို့ ကြိုး စားခဲ့တာ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က မဇ္ဈိမကို ပြောသည်။

အဓမ္မပြုမှုကို ငြင်းဆန်ခဲ့ပြီးသူသည် ရိုက်နှက်ခံရသည့်ဒဏ်ရာဖြင့် ထောင်ဆေး ရုံ၌ ဦးခေါင်းတွင် ကိုးချက် ချုပ်ခဲ့ရသည် ဟုဆိုသည်။

မုဒိန်းကျင့်ရန်ကြိုးစားသည့် ပြူကြီးကို ထိရောက်သည့် အရေးယူမှုများ မပြုလုပ်ဘဲ တိုက်သူကြီး အဆင့်မှ စည်းကမ်းထိန်းသိမ်း ရေးတာဝန် ပေးအပ်လိုက်ခြင်းသည် ထောင်အာဏာပိုင်များကိုယ်တိုင် ရာဇဝတ်မှု ၊ လိင်ပိုင်ဆိုင်ရာအမြတ်ထုတ်မှုနှင့် မုဒိန်း မှုများဖြစ်မြောက်ရေး အားပေးအားမြှောက်ပြုနေခြင်းဖြစ်ကြောင်း ကိုသိုက်ထွန်းဦး က ဆက်ပြောသည်။

အဆိုပါ မုဒိန်းမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး သတင်းအရင်းမြစ်ကို လုံခြုံရေးအရ ထုတ်ဖော်မပြောဆိုနိုင် ၎င်းကဆိုသည်။ မဇ္ဈိမ အနေဖြင့် ထိုဖြစ်ရပ်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရဲရဲသည် ၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရပြီး ပုဒ်မ ၅၀(ဈ) ၊ ပုဒ်မ ၅၁(ဂ) ၊ ပုဒ်မ ၅၄ ၊ ပုဒ်မ ၁၇(၁) အပြင် အခြားလက်နက်ပုဒ်မ များဖြင့် ထောင်ဒဏ် ၉၆နှစ်အမိန့်ချခံထားရပြီး အင်းစိန်ထောင်မှ သာယာဝတီထောင် သို့ ပြောင်းရွှေ့ကာ (က) တိုက်တွင် သီးခြားနေထိုင်ရသူဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဥ်းသားများအနေဖြင့် ထောင် အာဏာပိုင်များ၏ ဖိနှိပ်မှု ၊ ညှဥ်းပန်းနှိပ်စက်မှုများနှင့် အကြောင်းပြချက်ပေး ခေါ်ထုတ်သတ်ဖြတ်မှုများအထိကြုံတွေခဲ့ကြရကြောင်းသိရသည်။

LGBTQ များအတွက်မူ အခြားအကျဥ်းသားများ၏ လိင်ပိုင်းဆိုင်ရာ အာသာပြေစေ ရန် အသုံးချရန် မြဲတစေစောင့်ကြည့်ခံရလေ့ရှိပြီး အရွယ်ငယ်သော နိုင်ငံရေးအကျဥ်း သားများကို ပါ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုများရှိနေကြောင်း PPNM ဦးဆောင်ကော် မတီဝင်ကဆိုသည်။

အကျဥ်းထောင်လက်စွဲ ဥပဒေတွင် ၂၁နှစ်အောက်လူငယ်များနှင့် လိင်စိတ်ခံယူမှု ကွဲပြားသများကို နှစ်ကြီးကျ အကျဥ်းသားများနှင့် ရောမထားဘဲ သီးသန့်ခွဲထား ရန် ပြဌာန်းထားသော်လည်း လက်တွေ့တွင်မူ ကျင့်သုံးခြင်းမရှိကြောင်းသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် သည် ပြည်သူများ လက်လှမ်းမမှီ အလွယ်တကူမသိနိုင်သော ထောင်တွင်း သတ်ဖြတ်မှုများ ၊ လိင်ပိုင်ဆိုင်ရာစော်ကားမှုများ ၊ ထောင်အာဏာပိုင်များ လာဘ်စားမှု နှင့် တရားသူကြီးများ၏ ဘက်လိုက်မှုများကို စနစ်တကျ စုံစမ်း ၊ စောင့်ကြည့် စီစစ် ဖော်ထုတ် များကို ပြုလုပ်နိုင်ရန် နိုင်ငံရေးအကျဥ်းသားများ ၊ LGBT များ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သို့သော် လူပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်ရသော အခြေအနေများတွင် ထုတ်ပြန်မှုများကို မပြုလုပ်ခဲ့ကြောင်းသိရသည်။

သာယာဝတီထောင်တွင် အကျဥ်းသား စုစုပေါင်း ဦးရေ ၃,၀၀၀ကျော်ရှိပြီး ၎င်းအထဲမှ နိုင်ငံ ရေးအကျဥ်းသား ဦးရေ ၁,၈၀၀ကျော်ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး