ခန္တီးနှင့် မော်လိုက်ခရိုင်၌ မေလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ခန့်သေဆုံးဟု အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

တိုက်ပွဲများအတွင်းသိမ်းဆည်းရသည့် လက်နက်ခဲယမ်းများ ဓါတ်ပုံ – အမှတ်(၁) စစ်ဒေသ

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ခန္တီးနှင့် မော်လိုက်ခရိုင်များ၌ မေလအတွင်းဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ခရိုင်နှစ်ခုအတွင်းရှိ ကျေးရွာပေါင်း ၂၅ ရွာမှ စစ်ကောင်စီတပ်စခန်းများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သေဆုံးပြီး အလောင်း ၃၂ လောင်းရရှိထားသည်ဟု ဆိုသည်။

ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် လွှစင်ကုန်း၊ ပုရစ်၊ ဖားနိုင်း၊ မုက္ကလိ၊ သာဂေါင်းငေါ၊ မြင်သာ-ငိုးပင်၊ ဇီးပင်သာ၊ မယ်ဇလီ၊ ရေလဲရွာ၊ တီလောင်လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်ပြင်မြို့နယ်အတွင်းရှိ ရောင်းဟီး၊ အရှေ့ ခမိုင်း၊ သက္ကယ်ကျင်း၊ ဆည်ချောင်း၊ ပုဂံတောင်၊ ဟာပါ၊ ညောင်ကုန်း၊ ချောင်းခွ၊ မယ်ဇလီ၊ ခုံသာ၊ နန်းပန်၊ အင်းဝိုင်း၊ မော်လိုက်ကုန်း၊ ရွှေထီးကုန်းနှင့် ဆိတ်စားရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများအတွင်း လက်နက်ငယ် ၃၉ လက်၊ ကျည်မျိုးစုံ ၇၅၇၂ တောင့်၊ ဗုံးမျိုးစုံ ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း အမှတ်(၁) စစ်ဒေသက အသိပေးထားသည်။

ယင်းတိုက်ပွဲများကို ခန္တီးခရိုင်တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်/ မြို့နယ်/ကျေးရွာပကဖနှင့်ဒေသခံများ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များဖက် မှ ၂၉ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသောနေရာများသာမက တိုက်ပွဲမဖြစ်သည့် နေရာများကိုပါ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်သေနတ်ဖြင့် ပစ်ခတ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏အမှတ်(၁)စစ်ဒေသတွင် စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ ပါဝင်သည်။

စာတည်း။ ။စောဖေ