တရားမဝင် ဝင်ရောက်မှုများအတွက် တရုတ်အပါအဝင် နိုင်ငံများအပေါ် အခွန်စည်းကြပ်မည်ဟု ထရမ့်ပြော

အမေရိကန်သမ္မတဟောင်းနှင့်ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်က အမေရိကန် နယူးယောက်မြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲ၌တွေ့ရစဉ် (Reuters)

Reuters

ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပါက ၎င်းတို့နိုင်ငံအတွင်းသို့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှုကို ဟန့်တားပေးခြင်းမရှိသည့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများ ချမှတ်ကောင်းချမှတ်နိုင်သည်ဟု ဇွန်လ ၆ ရက်က ပြောကြားခဲ့သည်။

ထရမ့်က အရီဇိုးနားပြည်နယ်တွင်ပြုလုပ်သည့် မဲဆွယ်ပွဲ၌ တက်ရောက်သူများ၏ မေးခွန်းကို ဖြေကြားစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ပြီး ချမှတ်မည့် အခွန်ပမာဏကိုမူ မပြောခဲ့ပေ။

အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုအပေါ်  တားဆီးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် ထရမ့်က “ကျွန်တော်တို့မှာ ကြီးမားတဲ့ စီးပွားရေးအင်အားရှိပါတယ်။ တရုတ်လို နိုင်ငံမျိုးက အမေရိကန်ထဲ ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှုကို တားဆီးဖို့ မကူညီဘူးဆိုရင် ကျွန်တော်တို့မှာ စည်းကြပ်ခွန်လို့ခေါ်တဲ့ဟာတွေ အသုံးပြုသွားဖို့ရှိပါတယ်” ဟု ပြောသည်။

ထရမ့်က သမ္မတအဖြစ် ရွေးကောက်ခံရပါက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှုလျော့ပါးစေရန် မကူညီသည့်နိုင်ငံများကိုလည်း အခွန်စည်းကြပ်သွားမည်ဟု သတိပေးခဲ့သည်။

နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးတို့သည် ယခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အမေရိကန်များအတွက် ဦးစားပေးကိစ္စရပ်များဖြစ်ပြီး ထရမ့်သည်  ၂၀၂၀ ခုနှစ်က အိမ်ဖြူတော်လုပွဲအတွက် မကျေပွဲအဖြစ် ဒီမိုကရက်တစ်သမ္မတ ဘိုင်ဒန်နှင့် ထိပ်တိုက်ပြန်တွေ့ရမည်ဖြစ်သည်။

အမေရိကန်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်သူ အများစုမှာ လက်တင်အမေရိကမှ ဖြစ်သည်။ အမေရိကန်အစိုးရ၏အချက်အလက်များအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ မက္ကဆီကိုနယ်စပ်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၇,၀၀၀ ကျော်ကို အမေရိကန် နယ်ခြားစောင့်ကင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသားဝင်ရောက်မှု သိသိသာသာ တိုးလာခြင်းဖြစ်သည်။

မန်ဟတ်တန်တရားသူကြီးက ထရမ့်သည် စီးပွားရေးမှတ်တမ်းများအတုလုပ်မှု စွဲချက် ၃၄ ခုလုံးတွင် အပြစ်ရှိကြောင်း မေလ ၃၀ ရက်က ဆုံးဖြတ်ပြီးနောက်ပိုင်း ယခုပွဲသည် ထရမ့်အတွက် ပထမဆုံးမဲဆွယ်ပွဲဖြစ်သည်။

ထရမ့်သည် ၎င်းလက်ထက်တွင် ပြည်တွင်းသို့ရွှေ့ပြောင်းနေထိုင်မှုအရေးကိစ္စအပေါ် တင်းမာသော ရပ်တည်ချက်တရပ် ချမှတ်ခဲ့ပြီး ပြန်လည်ရွေးကောက်ခံရပါက ကောင်းကောင်းနှိမ်နင်းသွားမည်ဟု ကတိပြုထားသည်။

ဘိုင်ဒန်၏ ခိုလှုံခွင့်ပိတ်ပင်မှုက အမေရိကန်သို့ တနှစ်လျှင် တရားမဝင် နယ်စပ်ဖြတ်ကျော်သူ အနည်းဆုံး နှစ်သန်းခန့် ရောက်လာစေလိမ့်မည်ဟု ထရမ့်က အထောက်အထားမပြနိုင်ဘဲ ပြောခဲ့သည်။

အမေရိကန် နယ်ခြားစောင့်ကင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ကုန်ဆုံးသည့် ဘဏ္ဍာနှစ်တွင် တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူ နှစ်သန်းခန့်ကို ဖမ်းဆီးခဲ့ပြီး ယခုနှစ်တွင်လည်း အလားတူအရေအတွက် ဖမ်းဆီးမိထားသည်။