မိုးရွာသွန်းမှုကြောင့် မြဝတီတွင် ရေကြီး

မြဝတီရေကြီးရေလျှံမှု မြင်ကွင်း (ဓါတ်ပုံ- AungThu Skg၊ Kan Kaung၊ Pan Phyu Lwin၊ စိုးလင်းထွန်း၊ CJ)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရက်ဆက် မိုးရွာသွန်းမှုကြောင့် ကားလမ်းမများပေါ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

ဇွန်လ ၆ ရက်နေ့၊ ညနေပိုင်းမှစ၍ ယနေ့( ဇွန်၉ ရက်)နံနက်အစောပိုင်းအထိ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ယမန်နေ့ (ဇွန်လ ၈ ရက်)ညပိုင်းမှစ၍ အာရှလမ်းမကြီးပေါ်၊ မြေနီကုန်း၊ ကြံခင်း၊ ကျွန်းတော တလျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

” သုံးရက်လောက် ဆက်တိုက် မိုးရွာလိုက်တော့ မိုးရေတင်ပြီး ကားလမ်းတွေပေါ် ရေလျှံကုန်တာပေါ့။ မြစ်ရေ ချောင်းရေ လျှံတာ မဟုတ်ဘူး။ မိုးရေ တင်တာပေါ့။ အာရှလမ်းမကြီးတလျှောက် တံတား(၁)အနီးအထိပေါ့ ရေလျှံနေတာ” ဟု မြဝတီမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

ရေကြီးရေလျှံနေသည့် လမ်းများသည် ဒေသခံများ အဓိကသွားလာ အသုံးပြုနေသည့် လမ်းမကြီးများဖြစ်သဖြင့် သွားရေးလာရေး အဆင်မပြေမှုများဖြစ်ပေါ်ရကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ မေးမြန်းချက်အရ လက်ရှိတွင် မိုးစဲသွားပြီးဖြစ်သော်လည်း ရေပြန်ကျမှု မရှိသေးကြောင်း သိရသည်။

” ရေကတော့ ပြန်မကျသေးဘူး။ တချို့နေရာတွေဆို ဒူးလယ်လောက်ထိ အသာလေးမြုပ်နေတုန်း။ အေးသာယာဘက်တွေဆို အိမ်တွေထဲထိ ရေဝင်နေတယ်” ဟု မြဝတီဒေသခံတဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်အရ လာမည့် ဇွန် ၁၁ ရက်နေ့အထိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးဆက်လက်ပိုနိုင်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)