ကလေးမြို့ မင်းကြီးဟိုတယ်တွင် လူငယ် ၂၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့ မင်းကြီးဟိုတယ်

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်းကြီးဟိုတယ်တွင် လူငယ် ၂၀ ကျော်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ မင်းကြီးဟိုတယ်တွင် ယနေ့(ဇွန်လ ၉ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်က လူငယ်များကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ဟိုတယ်မှာ အရင်တုန်းက ကေတီဗွီဖွင့်ထားတာ၊ ဟိုတယ်နောက်မှာ ရေကူးကန်ရှိတယ်။ တနင်္ဂနွေနေ့ ဆိုတော့ လာတဲ့သူများတယ်။ ရေကူးနေတဲ့ကလေးတွေကိုဖမ်းပြီး ခြောက်ဘီးကားနဲ့တင်သွားတာ” ဟု ကလေးမြို့ခံတဦးက မဇ္စျိမကို ပြောသည်။

အသက် ၁၈ နှစ်မှ ၂၀ ဝန်းကျင်ရှိသောလူငယ်များကို အမိုးမပါ၊ မိုးကာ မကာထားသောကားပေါ်တွင် ရဲများ ခြံရံ၍ ငုတ်တုတ်ထိုင်ခိုင်းကာ ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည် ဟုဆိုသည်။

ယခုကဲ့သို့ လူငယ်များအားဖမ်းဆီးမှုမှာ စစ်မှုထမ်းရန်အတွက်ဖြစ်နိုင်ကြောင်းနှင့် ကလေးမြို့တွင် အစု လိုက်အပြုံလိုက်ဖမ်းဆီးမှု ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကလေးဒေသခံက သုံးသပ်ပြောဆိုသည်။

ဖမ်းဆီးသွားသူများကို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အတွင်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။ အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မဇ္စျိမနေဖြင့် အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက် ရှိသည်။

ကလေးမြို့လေဆိပ်သို့ ယနေ့(ဇွန်လ ၉ ရက်)နံနက်ပိုင်းက စစ်ကောင်စီလေတပ်မှ Y8 လေယာဥ်တစီး ဆင်းသက်ပြီး ထရပ်ကားကြီးလေးစီးစာ စစ်သင်တန်းသားများပါလာကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ က ပြောသည်။

အဆိုပါစစ်သင်တန်းသားများကို လေယာဥ်ကွင်းမြောက်ဖက် စခန်းကြီးကျေးရွာအနီးရှိ လေ့ကျင့်ရေး(၁၀) သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီသည် ၂၀၁၀ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နအဖ)က ပြခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်စေကြောင်းအမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်းကို အနည်းဆုံး နှစ်နှစ် စစ်မှုထမ်း ရန်ဆင့်ခေါ်နိုင်သည်။

စာတည်း။ ။စောဖေ