ပြင်းထန်ဒဏ်ရာရသူများ အပါ စစ်ရှောင် ၁၂၀ ခန့် ကို သံတွဲမြို့တွင်း စစ်ကောင်စီ ဝင်ခွင့်မပြု

ရခိုင်ပြည်နယ်ရှိစစ်​ကောင်စီတပ်ဖွဲ့ဝင်တဦး(ပုံ​ဟောင်း)/ဓာတ်ပုံ- AFP

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဂေါ့ရွာ နှင့်မဇင်​​​ကျေးရွာမှ ဒေသခံ ဦးရေ ၁၂၀ ကျော်သည့် တိုက်ပွဲများကြောင့် သံတွဲမြို့သို့ စစ်ရှောင််လာကြသော်လည်း စစ်ကောင်စီက မြို့အတွင်း ဝင်ခွင့်မပြုကြောင်း သိရသည်။

ထိုစစ်ရှောင်များတွင် ပြင်းထန်ဒဏ်ရာ ရရှိသူများလည်း ပါဝင်ပြီး စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၄ ရက်မှစကာ ယနေ့ (ဇွန်လ ၉ ရက်)အထိ လမ်းခုလတ်တွင် တားဆီးပိတ်ဆို့ထားကြောင်း ဒေသခံများထံက သိရသည်။

ဂေါ့​ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်မှ ၇ ရက်အထိ တိုက်ပွဲဖြစ်ပွားနေ၍ ဂေါရွာမှ ဒေသခံ ၂၀ ကျော်နှင့် ဂေ့ါရွာအနီးရှိ မဇင်ရွာမှ ဒေသခံ ဦးရေ ၁၀၀ ကျော် သံတွဲမြို့သို့ စစ်ရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“​မ​နေ့ကဆို ဂေါ့ရွာနဲ့မဇင်ကုန်းကြားက Everlight ပုစွန်သား​ဖောက်တဲ့ကုမ္ပဏီ အ​ဆောက်အဦရှိ​တဲ့​နေရာမှာ စစ်​ရှောင်တဲ့​ဒေသခံ​တွေပိတ်မိ​နေတယ်။ ပြည်သူ့စစ်ဆိုတဲ့သူ​တွေကပိတ်တယ်​လို့​ပြောတယ်။​ နောက်ပြီးတိုက်ပွဲအတွင်းစစ်​ရှောင်ရင်းပေါင်မှာ သေနတ်ထိမှန်လို့ လဲကျသွားကျတဲ့ မနီလာဝင်းကိုလည်း ဆေးရုံကို သွားရောက်ဆေးကုခံယူလို့မရအောင် တားဆီးထားတယ်။ တညလုံးနာကျင်ကိုက်ခဲတဲ့ဝေဒနာခံစားရပြီးနောက်နေ့မနက်မှသာ ရွာက​နေထွက်ခွင့်ပေးတယ်”ဟုစစ်​ဘေး​ရှောင်နှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးကမဇ္စျိမကို​ပြောသည်။

မနီလာဝင်းအပါအဝင် ဒဏ်ရာရသူ လေးဦးခန့်ရှိပြီး ၎င်းတို့ကို သံတွဲမြို့ရှိ ကုတင်(၅၀၀ ) ဆေးရုံတွင် ဆေးကုသခွင့်မပေးဘဲ မိုင် ၄၀ အကွာရှိ တောင်ကုတ်မြို့သို့ ဆေးကုသရန် ရေလမ်းခရီးမှသွားခွင့်ပြုကြောင်း ဒေသခံများကဆိုသည်။

ဒဏ်ရာရရှိသူ ဦးရေစာရင်းကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိေသးပါ။ထို​သို့ရေလမ်းခရီးဖြင့်သွားရာတွင် မိုးတွင်းကာလဖြစ်သည့် အပြင် ရာသီဥတု မငြိမ်သက်၍ သွားလာရေးအခက်အခဲရှိကြောင်း စစ်ရှောင်တဦးကဆိုသည်။

“တသက်လုံး တကြိမ်တခါမှမကြားဘူးတဲ့ သေနတ်သံ ၊ အမြောက်သံ ၊ ဗုံးသံ​တွေကြားကြောက်လန့်တကြား ရမိ ရရာကိုထုတ်ပိုးပြီး နီးစပ်ရာရွာသူ၊ ရွာသား​တွေနဲ့အတူ တိုက်ပွဲဖြစ်ပွားရာဂေါရွာက​နေ သံတွဲမြို့ဘက်ကိုထွက်ခွာခဲ့ တာ တားဆီးခံရတယ်”ဟု စစ်​ဘေး​ရှောင်​နေသူတဦးက မဇ္စျိမကို​ ပြောသည်။

တားဆီးခံရသူများသည် ဂေါ့ရွာနှင့် မဇင်ကုန်းကြားရှိ ကုမ္ပဏီ အဆောက်အဦးများ၊ ဂေ့ါရွာအပြင်ဘက် ပေါင်ဝန် အမည်ရှိ အပန်းဖြေအနားယူ ပန်းခြံစခန်း တွင် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သံတွဲ မြို့တွင်း ဝင်ခွင့်မရဘဲ ပိတ်မိနေသည့် ‌ဦးရေ ၁၂၀ ကျော်မှာ ကျေးရွာအသီးသီးရှိဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း သိရသည်။

အခြားဒေသမှ ကားဖြင့် စစ်ရှောင်လာသူများကိုလည်း ယာဥ်ပေါ်မှဆင်းခိုင်းပြီး လမ်းလျှောက်ခိုင်းကြောင်း၊ ၎င်းတို့တွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပါ၍ မဇင်ကျေးရွာအလွန်ရှိ စစ်ကောင်စီရဲကင်းအထိ အချင်းချင်း ထမ်းပိုးသွားကြရကြောင်း၊ ၎င်းစစ်ရှောင်များလည်း သံတွဲမြို့တွင်း ဝင်ခွင့်မရဘဲ ပိတ်မိနေကြောင်း စစ်ရှောင်တဦးကပြောသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် သံတွဲ၊ အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်မြို့များမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို တခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရန်စီစဥ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး