ကလေးမြို့ ဟိုတယ်ရေကူးကန်မှ ဖမ်းဆီးခံရသူများအနက်အချို့ စစ်မှုထမ်းခံဝန်ဖြင့် ပြန်လွတ်

ပုံအညွှန်း - မင်းကြီးဟိုတယ်

ပုံအညွှန်း – မင်းကြီးဟိုတယ်

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ဟိုတယ်ရေကူးကန်တခုတွင် ဖမ်းဆီးခဲ့သောလူငယ်၂၀ ကျော်အနက် ဆယ်ဦးထက်မနည်းကို စစ်မှုထမ်းမည်ဟု ခံဝန်ကတိဖြင့် စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူများ ပြန်မလွတ်သေးကြောင်းဒေသခံများထံမှ သိရသည်။

ကလေးမြို့ ၊ သဇင်ရပ်ကွက်ရှိ မင်းကြီးဟိုတယ်ရေကူးကန်တွင် အားလပ်ရက်လာရောက်ရေကူးနေသောလူငယ်အမျိုးသား ၂၀ ကျော်ကို ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ယနေ့(ဇွန်လ ၁၀ရက်)ညနေအထိ ကြားသိရသောသတင်းများအရ အချို့ကို ပြန်လွှတ်လိုက်ခြင်းဟု သိရသည်။

“တချို့ကို မိဘတွေကလာရောက်ပြီး စစ်မှုထမ်းခေါ်ရင် လိုက်ပါ့မယ်ဆိုတဲ့ ဝန်ခံကတိ ထိုးပြန်လွှတ်တယ်။တချို့ကိုတော့ စစ်ဆေးနေတုန်းပဲ” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

မင်းကြီးဟိုတယ်ရေကူးကန်တွင် စနေ၊တနင်္ဂနွေနေ့များ၌ လာရောက် အပန်း‌ဖြေသူများပြားသည်။ဇွန်လ ၉ရက်က ဖမ်းဆီးခံရသောလူငယ်များသည်
လည်း အားလပ်ရက်လာရောက်နားယူနေခြင်းဖြစ်ပြီး ဖမ်းဆီးမခံရမီ အခြားအမျိုးသားသုံးဦးဖြင့်စကားများခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိသူတဦးကပြောသည်။

ထိုအမျိုးသားသုံးဦးအား ဟိုတယ်ဝန်ထမ်းများက အိမ်ပြန်ခိုင်းရာ ပြန်သွားပြီးနောက် စစ်ကောင်စီဂိတ်တခုသို့ ဝင်ရောက်တိုင်ကြားခဲ့ကြောင်း၊ နာရီအနည်းငယ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး ကလေးမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) သို့ ကားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဒေသခံများကပြောသည်။

မင်းကြီးဟိုတယ်တွင် PDF များ ရောက်နေသည်ဟု လိမ်လည်ပြောဆိုတိုင်ကြားခြင်းကြောင့် လူငယ်များဖမ်းဆီးခံရခြင်းဟု ဒေသခံအချို့ကပြောသည်။
ပြန်လည်လွတ်မြောက်လာသူအရေအတွက်နှင့် ဖမ်းဆီးခံထားရဆဲအရေအတွက်ကို အသေးစိတ်မသိရှိရသေးပေ။

ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်က ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေပြီး အခြားမြို့နယ်များမှ လူငယ်များကိုလည်း စစ်မှုထမ်းရန်ခေါ်ဆောင်မှုများ ရှိနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကပြောသည်။

စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရသည့် အခြားမြို့မှလူငယ်များ လိုက်ပါလာသည့် Y-8 လေယာဥ်တစီးသည် ကလေးမြို့လေဆိပ်သို့ ယမန်နေ့က ဆင်းသက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များကပြောသည်။ အဆိုပါလူငယ်များကို ကလေးမြို့ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်သို့ ခေါ်ဆောင်သွားပြီး ယနေ့လည်း ချမ်းမြေ့အောင်စည်ရပ်ကွက်မှ စစ်မှုထမ်းရန်ဆင့်ခေါ်ထားသူလူငယ်အချို့ကို ကျန်းမာရေးစစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။ကလေးမြို့တွင် စစ်မှုထမ်းရန်အတွက် တရပ်ကွက်လျှင် ခြောက်ဦးမဲနှိုက်ရမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

စစ်ကောင်စီသည် အသက် ၁၈နှစ်အထက် အမျိုးသားအမျိုးသမီးများ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို ဥပဒေသည် တရားမဝင်ကြောင်း၊ ပြည်သူချင်းသွေးချောင်းစီးအောင် စစ်ကောင်စီကပြုလုပ်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကောင်စီအားတိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဥပဒေအတွက် လူစုဆောင်း၍မရသောကြောင့် လူငယ်အချို့ကို အတင်းအကျပ်ဖမ်းဆီးမှုများရှိနေကြောင်း သတင်း
များထွက်ပေါ်နေသည်။ ထိုသတင်းများကို စစ် ကောင်စီဘက်မှငြင်းဆန်ထားသည်။

စာတည်း-အေးချမ်း