တီးတိန်-တွန်းဇံကြား တံတားကို စစ်ကောင်စီထပ်မံဖောက်ခွဲဖျက်ဆီး၊ ၃ရက်အတွင်း တံတား ၂စင်း ဖျက်ဆီးခြင်းဖြစ်

ပုံအညွှန်း။ ။ ဇွန်လ၁၀ရက်နေ့တွင် စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးထားသော တီးတိန်မြို့နယ်ရှိ ဇလွေချောင်းတံတား (ပုံဟောင်း)
ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်-တွန်းဇံမြို့ကြားရှိ ဒေသတွင်းဆက်သွယ်ရေးအရေးပါသော ဇလွေချောင်းကူးကွန်ကရစ်တံတားကို စစ်ကောင်စီကဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း PDF-Zoland တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံးဒေသ တွန်းဇံမြို့ နှင့် ကျီခါးမြို့တို့ကို အဓိကဆက်သွယ်ထားသော အဆိုပါတံတားအား ယမန်နေ့(ဇွန်လ ၁၀ရက်) မွန်းလွဲ ၁နာရီ ၃၀မိနစ်အချိန်တွင် စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခြင်းဟု ဆိုသည်။

PDF-Zoland တာဝန်ရှိသူက“မနေ့က တီးတိန်ကနေ စစ်ကောင်စီတပ် အင်အား ၃၀လောက်နဲ့ သွားပြီးတော့ ဗုံးခွဲဖျက်ဆီးလိုက်တာပါ” ဟု ပြောသည်။

ဇလွေချောင်းကူးတံတားသည် တီးတိန်မြို့မှ ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး ကျီခါး-တွန်းဇံ- တီးတိန်-ကလေးမြို့များသို့ဆက်သွယ်ရာ၌ အရေးပါသည်။

ယခုအခါ ကားများဖြတ်သန်းသွားလာ၍ မရတော့ဘဲ ဆိုင်ကယ်ဖြင့်သာ သွားလာ၍ ရတော့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း တီးတိန်မြို့နယ်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မဏိပူရ်မြစ်ကူးတံတားဖြစ်သော မံဆောင်းတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။ ထို့ကြောင့် တီးတိန်မြို့နယ်တွင် သုံးရက်အတွင်း တံတားနှစ်စင်းကို စစ်ကောင်စီကဖျက်ဆီးခဲ့ခြင်းဟုဒေသခံများကပြောသည်။

တီးတိန်မြို့နယ်အတွင်းရှိ နောက်ထပ်တံတားများကိုလည်း စစ်ကောင်စီကထပ်မံဖျက်ဆီးမည်ဟုသတင်းများထွက်ပေါ်နေသည်။ တီးတိန်မြို့နယ်တွင် မံဆောင်းကြိုးတံတား၊ ကပ်တဲလ်ကြိုးတံတား၊ ဒါတ်တားကြိုးတံတား၊ ဖီလ်တွန့်ကြိုးတံတား၊ အန့်လန့်ကြိုးတံတားနှင့်ဇလွေးချောင်းတံတားများရှိသည်။

လက်ရှိတွင် မံဆောင်းကြိုးတံတားနှင့် ဇလွေချောင်းတံတားဖျက်ဆီးခံရပြီး ဒေသတွင်းဆက်သွယ်ရေးခက်ခဲနေသည်။ ကျန်တံတားသုံးစင်းထပ်မံဖျက်ဆီးခံရမည်ကို ဒေသခံများကစိုးရိမ်နေသည်။

မေလ ၂၆ ရက်ညမှစ၍ ချင်းညီနောင်တပ်ဖွဲ့က တီးတိန်မြို့ တွင်းမှ စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်ခဲ့သည်။ ယနေ့အထိစစ်ရေးတင်းမာနေပြီးစစ်ကူများမလာနိုင်ရန် တီးတိန်မြို့နှင့်ဆက်သွယ်ထားသော တံတားများကို စစ်ကောင်စီက ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း PDF-Zoland တာဝန်ရှိသူက သုံးသပ်ပြောသည်။

စာတည်း – အေးချမ်း