စဉ့်ကူးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးမိခင် CDM ဆရာမသေဆုံး

ပုံအညွှန်း - လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့် CDM ဆရာမ အားတွေ့ရစဥ်\ဓါတ်ပုံ CJ

ပုံအညွှန်း – လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့် CDM ဆရာမ အားတွေ့ရစဥ်\ဓါတ်ပုံ CJ

MTO

(မဇ္ဈိမ)။ ။မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ယနေ့(ဇွန်လ ၁၁ရက်) နံနက်က စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် CDMကျောင်းဆရာမတဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်းဒေသခံများထံမှသိရ သည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင်စဉ့်ကူးမြို့၊ ထိုးကြီးကျေးရွာမှ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ထီးကုန်းကျေးရွာမှ အသက် ၄၀ နှစ်အရွယ် CDM ကျောင်းဆရာမဒေါ်ဇင်မေဝင်း၏ နေအိမ်ပေါ်ကျရောက်ပေါက်ခွဲခြင်းဟု သိရသည်။

ဒေသခံတဦးက “ လက်နက်ကြီးကျည်က နေအိမ်ပေါ်ကျတာ။ ဆရာမကတော့ သေဆုံးသွားပြီး အဖေဖြစ်သူက ဒဏ်ရာရသွားတယ်။ ဆရာမမှာ လသားအရွယ်ကလေးငယ်တဦး ကျန်နေခဲ့တယ် “ ဟုပြောသည်။

ဒဏ်ရာရရှိသူနှစ်ဦးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ အသေးစိတ်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။ စစ်ကောင်စီကလက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်မည့်အန္တရာယ်ကို စိုးရိမ်၍ ဒေသခံအချို့ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းသိရသည်။

စဥ့်ကူးမြို့နယ်အတွင်း ယခုရက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီသည် ဧရာ၀တီမြစ်အရှေ့ခြမ်းတွင် လက်နက်ကြီးများတပ်ဆင်ထားပြီး မြစ်အနောက်ခြမ်းသို့ မကြာခဏပစ်ခတ်နေကြောင်း ဒေသခံ များထံမှသိရသည်။

ပြီးခဲ့သည့် ဇွန်လ၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊မြသီတာကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၀ အရွယ်အဖွားအိုတဦး သေဆုံးပြီး ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့သည်။

စာတည်း- အေးချမ်း