ပင်လည်ဘူးတွင် ရက် ၂၀ ကျော်အထိ နေ့စဥ်တိုက်ပွဲဖြစ် ၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ

ပင်လည်ဘူး မြို့ တနေရာကို စစ်ကောင်စီတပ်ဖွဲ့ က မီးရှို့နေပုံ/ဓါတ်ပုံ – စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ)

MTO

မဇ္ဈိမ။ ။ ပင်လည်ဘူးမြို့တွင် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်၂၀ ကျော်အထိ ကြာမြင့်လာပြီဖြစ်၍ မြို့ ဒေသခံများနှင့် မြို့အနီးရှိ ကျေးရွာနေ ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်က စကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူက ပြောသည်။

“ လတ်တလောမှာ မြို့ နဲ့ မြို့ ပတ်လည် ကျေးရွာနေ ပြည်သူတွေ ရှောင်တိမ်းခိုင်းထားရပါတယ်။ ပြည်သူတွေကတော့ ရှောင်တိမ်းနေကြရတော့ ဒုက္ခရောက်ကြတာပေါ့” ဟု ၎င်းကဆိုသည်။

ပင်လည်ဘူးမြို့နယ်တွင် လူဦးရေ ၁၁၁,၉၆၈ ရှိသည်ဟု ပြည်လုံးကျွတ် သန်းခေါင်စာရင်း (၂၀၁၄ ခုနှစ်) တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်က မြင်ကွင်း ၊ ပစ်ကွင်းရှင်းရန် ၊ လုယက်ခိုးယူ ဖျက်ဆီးထားသည်များ နှင့် သေဆုံး ရုပ်အလောင်းများကို ဖျောက်ဖျက် ပစ်ရန်အတွက် မြို့ကို မီးရှို့နေကြောင်း စစ်ကိုင်းတိုင်း ပြည်သူကာကွယ်ရေး (ပကဖ) ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

“ နေ့စဉ် တိုက်ပွဲတွေရှိနေပါတယ် ။ အထက ကျောင်း အနီး နေရာတွေကို မီးရှို့နေတယ်လို့ သိရပါတယ် အဲ့ဒီရပ်ကွက်တွေ မှာ ပြည်သူတွေ မရှိတော့ ပါ” ဟု ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ ဝင်က ပြောသည်။

ပင်လည်ဘူးမြို့ သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူအုပ်ချုပ်ရေး ယန္တရားဖြင့် အုပ်ချုပ်လည်ပတ်နေသည့် မြို့ များထဲတခုဖြစ်ပြီး လက်ရှိတွင် မြို့ ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ထိန်းချုပ်ထားကြောင်း သိရသည်။

ပင်လည်ဘူး မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ကာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး