ဖလမ်းမြို့ပေါ် စစ်ဆင်ရေး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦး သေဆုံးဟု CNDFပြော

၂၀၂၂ခုနှစ် နိုဝင်ဘာ၂၀ က သီးဘွာလ်စစ်ကောင်စီတပ်စခန်းကို CNDF တိုက်ခိုက်စဥ်/ဓါတ်ပုံ – CNDF

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ဖလမ်းမြို့ပေါ် လမ်းဆုံနှင့် ဆောက်လုပ်ရေးရုံးတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ထံမှသိရသည်။

ဇွန်လ၈ရက် ညနေ ၃နာရီ နှင့် ဇွန်လ၉ရက်‌နေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လမ်းဆုံရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ချိန် အပြန်အလှန်ပစ်ခတ်မှု၌ ချင်းကာကွယ်ရေးရဲဘော်တဦးဒဏ်ရာရရှိခဲ့သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီထွဋ်ကပြောသည်။

“စနိုက်ပါနဲ့ ပစ်ခဲ့တာ အနည်းဆုံးနှစ်ဦးသေဆုံးသွားတဲ့အကြောင်း ရဲဘော်တွေနဲ့ မျက်မြင်တွေ့တဲ့ ပြည်သူဆီက ပြန်သိရတာပါ” ဟု ဆလိုင်းတင်မီထွဋ်ကပြောသည်။

မစ်ရှင်ဂျေရုဆလင် (Mission Jerusalem) အမည်ဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဟု ‌CNDFက ဆိုသည်။
ဂျေရုဆလင်ဆိုသည်မှာ အစ္စရေးလူမျိုးများ၏ မြို့တော်ဖြစ်သည်။ ရှေးယခင်ကာလများက ယင်းမြို့ကို အခြားသောလူမျိုးများက သိမ်းပိုက်အုပ်စိုးခဲ့မှုကို အစ္စရေးလူမျိုးများက ပြန်လည်သိမ်းပိုက်နိုင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြသကဲ့သို့ ယခုလည်း စစ်ကောင်စီလက်အောက်ရှိဖလမ်းမြို့ကို ပြန်လည်သိမ်းယူနိုင်ရန်ရည်ရွယ်၍ တိုက်ခိုက်ခြင်းဟုဆလိုင်းတင်မီထွဋ်ကပြောသည်။

ဖလမ်းမြို့ပေါ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သူနာပြုသင်တန်းကျောင်း(NTS)၊ရဲစခန်းနှင့် ခလရ (၂၆၈) တို့တွင် အင်အား ၂၅၀ခန့်ဖြင့် စစ်ကောင်စီတပ်က တပ်စွဲထားကြောင်း CNDF ထံမှသိရသည်။

CNDFပါဝင်သည့် ချင်းညီနောင် (Chin Brotherhood)အဖွဲ့က ၂၀၂၄ခုနှစ်အတွင်း မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်သွားရန်နှင့် ချင်းပြည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါ်ဒါ၊သီးဘွာလ်၊ဗားရ်း ၊ထင်းရှူးစခန်းတို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များကသိမ်းပိုက်ထားပြီး စစ်ကောင်စီက မြို့ပေါ်တွင်သာ တပ်စွဲထားကြောင်းသိရသည်။

စာတည်း – အေးချမ်း