ခမရ(၃၅၅)စခန်းသိမ်းတိုက်ပွဲ၌ KNLA ပူးပေါင်းတပ်မှ ‌၆ ဦးကျဆုံးပြီး စကစတပ်မှ အနည်းဆုံး ၁၉ ဦးသေဆုံး

ပုံညွှန်း- ခမရ(၃၅၅)စခန်းသိမ်းတိုက်ပွဲ၌ သိမ်းဆည်းရရှိသည့် မော်တော်ယာဥ်များနှင့် လက်နက်ခဲယမ်းများ။

ပုံညွှန်း- ခမရ(၃၅၅)စခန်းသိမ်းတိုက်ပွဲ၌ သိမ်းဆည်းရရှိသည့် မော်တော်ယာဥ်များနှင့် လက်နက်ခဲယမ်းများ။

002

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြဝတီ-သင်္ကန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ(၃၅၅)တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် KNLA ပူးပေါင်းတပ်မှ ‌ခြောက်ဦး ကျဆုံးပြီး စကစဘက်မှ အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက တရား၀င် သတင်းထုတ်ပြန်သည်။

ခမရ(၃၅၅)တပ်ရင်းအား KNU ၏ တပ်မဟာ( ၆ )နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မတ် ၇ ရက် နံနက် ၁၀ နာရီ ၁၉ မိနစ်တွင် ထိုးစစ်ဆင်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ မိနစ်တွင် စခန်းတခုလုံးအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ မျက်မြင် ၁၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအား စိစစ်ဆဲဖြစ်ပြီး ဒဏ်ရာရသူလည်း အများအပြားရှိကာ စိစစ်ဆဲဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။

တိုက်ပွဲတွင် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒဏ်ရာပြင်းထန်သူ လေးဦး၊ မစိုးရိမ်ဒဏ်ရာရရှိသူ လေးဦးနှင့် ‌ခြောက်ဦး ကျဆုံးခဲ့သည်ဟု KNU က ဆိုသည်။

တိုက်ပွဲတွင် MA-1 ၆၆ လက်အပြင် လက်နက်ခဲယမ်း အမြောက်အများနှင့် မော်တော်ယာဥ်များကိုလည်းသိမ်းဆည်းရရှိခဲ့သည်။

နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရှိခဲ့ပြီး ပြည်သူ ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်‌မြေအတွင်း စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့်သော်လည်းကောင်း၊ မြို့တွင်းတိုက်ပွဲများအဖြစ်သော်လည်းကောင်း ဆင်နွှဲလျှက်ရှိသည် ဟု KNU က အသိပေးထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)