စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့မှအရပ်သား ၂ဦးသေဆုံး ၅ဦးဒဏ်ရာရ၊ ဘုရား‌ကျောင်းပြိုကျ

ပုံအညွှန်း-ဇွန်၁၀ ရက်နေ့တွင် စစ်ကောင်စီဒရုန်းကြောင့် ပျက်စီးခဲ့သည့် လမြန်ကျေးရွာမှ ခါနန်ဘုရားကျောင်း

ပုံအညွှန်း-ဇွန်၁၀ ရက်နေ့တွင် စစ်ကောင်စီဒရုန်းကြောင့် ပျက်စီးခဲ့သည့် လမြန်ကျေးရွာမှ ခါနန်ဘုရားကျောင်း

အဂမ်၊ရွှေနွယ်

(မဇ္ဈိမ)။   ။ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(ဇွန်လ၂၀ရက်)မှစတင်၍ လက်နက်ကြီး၊ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယ‌နေ့(ဇွန်လ ၁၁ရက်) ည‌နေအထိ အရပ်သားနှစ်ဦးသေဆုံးပြီးခုနစ်ဦးဒဏ်ရာရကာ ခရစ်ယာန်ဘုရားကျောင်း‌ဆောင်တဆောင် ပ်ြိုကျပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့(ဇွန်လ ၁၀ရက်)ည‌နေ ၃နာရီ ၃၀မိနစ်က ဝိုင်း‌မော်မြို့၊လမြန်ရွာမှ ခါနန်အသင်းတော်ဘုရားကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့ပြီး ညပိုင်းတွင် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ‌နေ၍ ခတ်ချိုရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု ဒေသခံတဦးက ပြောသည်။

ခါနန်အသင်းတော်ဘုရားကျောင်းပြိုကျပျက်စီးသွားပြီး ခတ်ချိုရွာမှ အသက်၂၆ နှစ်အရွယ် ကိုသားငယ်ဆိုသူသေဆုံးကာ ကိုအာကာ၊မနန်းပို၊ကိုအောင်ကျော်မြင့်၊ဒေါ်ညွှန့်ခိုင်၊အားရှမ်းကောဆိုသူတို့ ဒဏ်ရာရရှိခဲ့ကြသည်ဟု သတင်းရရှိသည်။

“မနေ့ကထိတဲ့ လူနာတွေအကုန်လုံး မြစ်ကြီးနားဆေးရုံကြီးကို ပို့ထားပြီ။ ထိတဲ့သူ ခုနစ်ယောက်မှာ တယောက်ကသေပြီး ငါးယောက်က ဆေးရုံမှာအသက်လုနေရတယ်။ တယောက်ကတော့ သိပ်မစိုးရိမ်ရဘူးတဲ့”ဟု  ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ယ‌နေ့ နံနက်ပိုင်းတွင်လည်း  လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ရာ ဝိုင်းမော်မြို့ သိမ်ကြီးစုရပ်ကွက်ထဲသို့ ကျပေါက်ကွဲပြီး အမျိုးသမီးတဦး ထပ်မံသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

” အဲ့အန်တီက သူ့အိမ်ရှေ့ခုံတန်းမှာထိုင်ပြီး သရက်သီး စားနေတဲ့အချိန် အိမ်ပြင်လမ်းမပေါ်မှာ ကျကွဲတဲ့ လက် နက်ကြီးစမှန်တာဟုတ်တယ် ” ဟု ဒေသခံတဦးက ဆိုသည်။

ဝိုင်းမော်မြို့တွင် ပြီးခဲ့သည့်မေလကတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ရှေ့တန်းစခန်းအများအပြားနှင့် ခြေမြန်တပ်ရင်း ခမရ(၃၂၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ရာ ခတ်ချိုကျေးရွာအနီးတွင် နေထိုင်သောအရပ်သားခြောက်ဦးသေဆုံးမှုဖြစ်ခဲ့သည်။

ခါနန်အသင်းတော်ဘုရားကျောင်းကိုစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် ကန့်ကွက်ရှုံ့ချကြောင်း ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ – Kachin Human Rights Watch (KHRW)က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဘာသာရေးဘုရားကျောင်း အဆောက်အဦများကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက််ခြင်းနှင့် ဘာသာရေးဆရာများကို မတရားပုဒ်မတပ်၍ မတရားဖမ်းဆီးခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း ရည်ရွယ်ချက်ရှိရှိ ပိုမိုလုပ်ဆောင်လာသည်ဟုKHRWက သတိပေးထားသည်။

ဝိုင်းမော်မြို့နယ်အတွင်းစစ်ရေးဆက်လက်တင်းမာနေသည်။ ယနေ့လည်း  ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့မှ စစ်ကောင်စီနှင့်ပြည်သူ့စစ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များကတိုက်ခိုက်နေပြီး ဘွမ်တောင်စခန်း၊(၁၃)မိုင်ဂိတ်နှင့်ပြည်သူ့စစ်အဖွဲ့ဂိတ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်များထံမှသတင်းရရှိသည်။

စာတည်း – အေးချမ်း