စစ်ကိုင်းတွင် ၀န်ကြီးလမ်းကြောင်းကို လုံခြုံရေးယူပေးနေသည့် ရဲများ ပစ်ခတ်ခံရပြီး ၃ဦးသေဆုံး

ပုံအညွှန်း- စစ်ကိုင်းကမ်းနားလမ်းတွင်တွေ့ရသည့် ရဲတပ်ဖွဲ့။(ပုံဟောင်း)-ဓာတ်ပုံ-CJ

ပုံအညွှန်း- စစ်ကိုင်းကမ်းနားလမ်းတွင်တွေ့ရသည့် ရဲတပ်ဖွဲ့။(ပုံဟောင်း)-ဓာတ်ပုံ-CJ

007

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ယမန်နေ့ မတ်လ ၉ ရက် နံနက်ပိုင်းက စစ်ကောင်စီဒု၀န်ကြီးတဦး၏ လမ်းကြောင်းအတွက် လုံခြုံရေးတာ၀န် ယူပေးနေသည့် ရဲတပ်ဖွဲ့၀င်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။

“လူကြီးလမ်းကြောင်း အစောင့်ချထားတဲ့ ရဲတွေ အပစ်ခံရတယ်။ မျက်နှာချင်းဆိုင်ကြီးကို၀င်ပစ်တာလို့ သိရတယ်။ ရဲ လေး ငါး ခြောက်ယောက်လောက် ရှိတဲ့အထဲက သုံးယောက် ပွဲချင်းပြီး သေတယ်။ ဘယ်အဖွဲ့က လုပ်သွားလဲတော့ မကြာခင် ထုတ်ပြန်လာမှာပါ” ဟု အမည်မဖော်လိုသူ စစ်ကိုင်းမြို့ခံ တော်လှန်ရေးသတင်းအရင်းအမြစ်တဦးက ပြောသည်။

စစ်ကိုင်း-မုံရွာ ကားလမ်းအနီးရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီကရီကောလိပ်သို့လာရောက်မည့် စစ်ကောင်စီ လက်‌အောက်ခံ စက်မှု၀န်ကြီးဌာန ဒု၀န်ကြီး၏ လမ်းကြောင်းအတွက် လုံခြုံရေး တာ၀န်ယူပေးရသည့် ရဲတပ်ဖွဲ့၀င်များကို ဒေသအခြေစိုက်လက်နက်ကိုင် တပ်ဖွဲ့တခုက ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“၁၀ မိနစ်လောက် ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ရွာသစ်ကြီး(ရဲ)စခန်းက တပ်ကြပ်ကြီး တဦး၊ တပ်ကြပ် တဦးနဲ့ ဒုတပ်ကြပ် တဦး အားလုံးပေါင်းသုံးယောက်သေတယ်၊ တခြားဒဏ်ရာရ မရှိဘူး” ဟု စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကိုင်းရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီးဂေတမ်တွင် ဝဲဘက်ချိုစောင်း ဖောက်၀င်ဒဏ်ရာတချက် အပါအ၀င် ဒဏ်ရာငါးချက်၊ ရဲတပ်ကြပ် ဇာနည်ထွန်းတွင် ဝဲဘက်ချိုစောင်း ဖောက်၀င်ဒဏ်ရာ တချက်အပါအ၀င် ဒဏ်ရာသုံးချက်၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ တချက်တို့ အသီးသီးရရှိပြီး ပွဲချင်းပြီးသေဆုံးကြောင်း၊ ဒုရဲအုပ်နှစ်ဦးမှာမူ ဒဏ်ရာတစုံတရာ မရရှိခဲ့ကြောင်း၊ သေဆုံးရဲသုံးဦး ကိုင်ဆောင်သည့် သေနတ်သုံးလက်နှင့် ခဲယမ်းအချို့ပျောက်ဆုံးနေကြောင်း စစ်ကောင်စီဘက်က သတင်းများ တွင်ဖော်ပြကြပြီး ဒု၀န်ကြီး၏ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပေ။

ရဲတပ်ဖွဲ့၀င်များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သွားကြောင်း ယနေ့နံနက်ပိုင်းအထိ ထုတ်ပြန်လာခြင်း မရှိသေးပေ။

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ပြန်ကြားရေး ဒု၀န်ကြီးဦးရဲတင့် လိုက်ပါလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီ၏ အရာရှိအဆင့်ရှိသူတဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ သေးသည်။

အဆိုပါယာဉ်တန်း တိုက်ခိုက်မှုအား Phoenix Sagaing-SGG အဖွဲ့နှင့် မဟာမိတ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ