မြန်မာနိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ- NUG- MOD)

ရွှေနွယ်

(မဇ္ဈိမ)။ ။ အမျိုးသား ညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ ငါးမြို့အပါအဝင် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်အား စိုးမိုးထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၃၀ ရက်) တွင် ထုတ်ပြန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် ထုတ်ပြန်ကြေညာချက်၌ ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သည် တော်လှန်ရေးသုံးနှစ်တာကာလအတွင်း တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင့်၊ တိုက်ပွဲဝင်ခဲ့ရာမှ လက်ရှိတွင် မဟာဗျူဟာမြောက်ထိုးစစ်များကို စတင်အကောင်အထည်ဖော်နိုင်သည့် အခြေအနေသို့ရောက်ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အဓိက စစ်ရေးပစ်မှတ်များဖြစ်သည့် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်၊ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်နှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်စက်ရုံ ကပစတို့ကိုလည်း ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ပြီဟု ပြောသည်။

ထိုကဲ့သို့ စစ်ရေးမဟာဗျူဟာများကို ပူးပေါင်းခင်းကျင်းဆောင်ရွက်နိုင်ရန် တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)၊ (J2C) စသည့် ကော်မတီများဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည်ဟုလည်းဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မြန်မာနိုင်ငံ အထက်/အလယ်ပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း ပိုမိုအားကောင်းကာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားသည် မြို့ပေါ်ဒေသများတွင်သာဖော်ဆောင်နိုင်ပြီး ကျေးလတ်ဒေသတို့တွင်မူ NUG မှ စိုးမိုးထားနိုင်ကြောင်း ၎င်းတို့ တပ်ရင်းတပ်ဖွဲ့များ၏ ပြောဆိုချက်အရနှင့်အတူ စစ်ကိုင်းတိုင်းဒေသခံတို့၏ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသ၊ တအောင်းဒေသတို့ကိုလည်း စစ်ကောင်စီက လက်လွှတ်ခဲ့ရပြီးဖြစ်သည်။ ထို့ပြင် ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် လက်ရှိ တိုက်ပွဲပြင်းထန်လျက်ရှိသည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်လည်း စစ်ကောင်စီက ၎င်းတို့၏ တပ်စခန်းများ၊ ဗျူဟာကုန်းများနှင့် မြို့နယ်များကို လက်လွှတ်ဆုံးရှုံးနေသည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်သည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၄၀ ကျော်ကို တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းကိုလည်း တော်လှန်ရေးအင်အားစုများ၏ နေ့စဉ်ထုတ်ပြန်ချက်များအရသိရသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင်ဖြစ်ပွားနေသည့် တော်လှန်စစ်ပွဲများအတွင်း စစ်ဆင်ရေးရှုံးနိမ့်မှုများကို ကြုံတွေ့နေရပြီဟု ပြည်တွင်းပြည်ပ စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။ မြန်မာ့အရေးလေ့လာသူ အမေရိကန်စစ်တပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်ကမူ စစ်ကောင်စီသည် လက်ရှိတွင် အပြောင်းအလဲကြီးကြီးမားမားကိုဦးတည်သော အပြောင်းအလဲအငယ်များဖြစ်ပေါ်ခြင်း (Tipping Point) ကိုရင်ဆိုင်နေရပြီး မကြာမီကာလတွင် အပြီးသတ်အချိန် (Ending Point) ကိုရောက်လာတော့မည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက ပြုလုပ်သည့် မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးအတွင်းပြောဆိုသွားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး