တရုတ်တိုက်လေယာဉ်များ နယ်သာလန်စစ်သင်္ဘောအနီး ရန်စပျံသန်းခဲ့ဟု စွပ်စွဲခံရ

ANI

မြောက်ကိုရီယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ကုလသမဂ္ဂအား တိုက်တွန်းနေစဉ်မှာ တရုတ်လေယာဉ်များက နယ်သာလန်စစ်သင်္ဘော HNLMS Tromp အနီး ပျံသန်းကာ ရန်စမောင်းနှင်မှုပြုလုပ်ခဲ့ကြောင်း နယ်သာလန်က စွပ်စွဲလိုက်သည်။

တရုတ်တိုက်လေယာဉ်နှစ်စီးသည် နယ်သာလန်ဖရီးဂိတ်သင်္ဘော HNLMS Tromp အနီးတဝိုက်တွင် အကြိမ်ပေါင်းများစွာ ပျံသန်းခဲ့သလို နယ်သာလန် မရိန်းကင်းလှည့်ရဟတ်ယာဉ်တစီးသည် အရှေ့တရုတ်ပင်လယ်တွင် ကင်းလှည့်နေစဉ် တရုတ်တိုက်လေယာဉ်နှစ်စီးနှင့် ရဟတ်ယာဉ်တစီးတို့၏ ချဉ်းကပ်မှုကိုခံရကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်က ပြောခဲ့သည်။

တရုတ်လေယာဉ်များက အန္တရာယ်မကင်းသော အခြေအနေကို ဖန်တီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Tromp စစ်သင်္ဘောသည် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို ချမှတ်ရန် ကုလသမဂ္ဂကို တိုက်တွန်းသည့် ပစိဖိတ်လုံခြုံရေး ရေကြောင်းဖလှယ်ရေးအဖွဲ့ (PSMX) ခေါ် နိုင်ငံစုံမဟာမိတ်အဖွဲ့ကို ပံ့ပိုးရန် အရှေ့တရုတ်ပင်လယ်တွင် တပ်စွဲထားခြင်းဖြစ်သည်။ ယခုအခါ နယ်သာလန်သည် နိုင်ငံတကာ ရေပိုင်နက်အတွင်း တရုတ်၏ ဘေးမကင်းသော ခြိမ်းခြောက်မှုဆိုင်ရာ လုပ်ရပ်များအတွက် တရုတ်နိုင်ငံကို အပြစ်တင်သည့် နိုင်ငံစာရင်းတွင် နောက်ဆုံးအနေဖြင့် ပါဝင်လာကြောင်း CNN က ဖော်ပြသည်။

“ဇွန်လ ၇ ရက် အစောပိုင်းက အရှေ့တရုတ်ပင်လယ်မှာ တရုတ်တိုက်လေယာဉ်နှစ်စီးက ရေတပ်သင်္ဘော HNLMS Tromp နားမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်ပျံသန်းခဲ့ပါတယ်။ နောက်ပြီး သင်္ဘောရဲ့ NH90 ရေကြောင်းတိုက်ခိုက်ရေးရဟတ်ယာဉ်ကင်းလှည့်နေတုန်း တရုတ်တိုက်လေယာဉ်နှစ်စီးနဲ့ ရဟတ်ယာဉ်တစီးတို့က ချဉ်းကပ်ခဲ့ပါတယ်။ ဒါက ဘေးမကင်းတဲ့ အခြေအနေတရပ်ကို ဖန်တီးခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ နိုင်ငံတကာလေပိုင်နက်မှာ ဖြစ်ခဲ့တာပါ။ HNLMS Tromp စစ်သင်္ဘောဟာ Pacific Archer ’24’ စစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်းအနေနဲ့ ခရီးဆက်နေပြီး အခု ဂျပန်ဆီ ဦးတည်ခုတ်မောင်းနေပါတယ်” ဟု နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး CNN သတင်းဌာနက နယ်သာလန်၏ စွပ်စွဲချက်များအပေါ် မှတ်ချက်ပေးရန် တရုတ်အစိုးရဆီ မေးမြန်းခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။

အရှေ့တရုတ်ပင်လယ်တွင် ကင်းလှည့်ခြင်းမပြုမီ ဒတ်ခ်ျစစ်သင်္ဘောသည် တောင်ကိုရီးယားရေတပ်နှင့်အတူ ရေကြောင်းလေ့ကျင့်မှုတွင် ပါဝင်ရန် တောင်ကိုရီးယားနိုင်ငံ ဘူဆန်တွင် ဆိုက်ကပ်ခဲ့သည်။

ဩစတြေးလျကလည်း မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂမှ အရေးယူပိတ်ဆို့ရန် စစ်ဆင်ရေးအဖြစ် ပင်လယ်ဝါအနီး နိုင်ငံတကာရေပိုင်နက်တွင်ကင်းလှည့်နေစဉ် ၎င်းတို့၏ ဖျက်သင်္ဘော HMAS Hobart ၏ ရဟတ်ယာဉ်ကို တရုတ်တိုက်လေယာဉ်တစီးက လေယာဉ်လမ်းကြောင်းတွင် မီးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ယခင်က စွပ်စွဲခဲ့သည်။