ရေကာတာ တည်​ဆောက်မှု​ကြောင့် သမိုင်းဝင် တိဘက် ဗုဒ္ဓ ဘာသာဘုန်းကြီး​ကျောင်း ​ရွှေ့​ပြောင်း

Photo:CJ

တရုတ်တွင် ကမ္ဘာ့အရှည်ဆုံး 3 D ရေအားလျှပ်စစ်စီမံကိန်း တည်​ဆောက်ပြီးစီးပါက ရေ​အောက်သို့ နစ်မြုပ်နိုင်ဖွယ်ရှိ​သော ၁၉ ရာစု က တည်​ဆောက်ခဲ့သည့် တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို အာဏာပိုင်များက စတင် ပြောင်းရွှေ့နေရာချထား​နေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ် ၂ ခုက Radio Free Asia သို့ ပြောကြားခဲ့သည်။

တိဘက်လူမျိုးများကြား မန်ချူး မြစ်ဟု လူသိများသော မြစ်ဝါ မြစ်​ပေါ်တွင် တည်​ဆောက်သည့် ရန်ကူး ရေအားလျှပ်စစ်စက်ရုံကို ကျင်ဟိုင်း ပြည်နယ်တွင် ၂၀၂၂ ၌ စတင်တည်​ဆောက်ခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဒရက်ကာ ခရိုင်ရှိ Atsok Gon Dechen Choekhorling ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများသည် တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) မှ ထုတ်ပြန်ထားသော နေရာပြောင်းရွှေ့မိန့်ကို ပယ်ဖျက်ပေးရန် ရှင်ကျန်းရှိ အာဏာပိုင်များထံ တရုတ်ဘာသာဖြင့် ​စာ​ရေးသား ​တောင်းဆိုခဲ့​ကြောင်း တိဗက်သတင်းရင်းမြစ် ၁ ခုမှ ပြောသည်။

သို့​သော် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် နံရံဆေးရေးပန်းချီများသည် တန်ဖိုး မရှိ​ကြောင်း၊ အရေးပါမှုမရှိကြောင်းနှင့် နေရာပြောင်းရွှေ့မှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ၂၀၂၃ ဧပြီတွင် အစိုးရ၏ အမျိုးသားအမွေအနှစ်ဌာနမှ ​ပြောကြားကြောင်း
သတင်းရင်းမြစ်က ဆိုသည်။

တရုတ်အာဏာပိုင်များသည် ဘုန်းကြီးကျောင်းကို ဖြိုဖျက်၍ ပြန်လည်တည်ဆောက်ရန် စရိတ်စက ကို ရန်ပုံငွေကျခံ​ပေးမည်ဖြစ်ပြီး ပြောင်းရွှေ့နေရာချထားပေးသည့်နေရာ၌ အခမ်းအနားများနှင့် ထုံးတမ်းစဉ်လာများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေသခံများအား အသိ​ပေးခဲ့သည် ဟု ဆိုသည်။

သို့သော်လည်း နံရံဆေးရေး ပန်းချီများနှင့် အနီးနားရှိ စေတီပုထိုး အများအပြားသည် ​ရွှေ့​ပြောင်းသယ်ယူရာတွင် ထိခိုက်ပျက်စီးသွားနိုင်သည်။

အဆိုပါ နေရာသည် နှစ်​ပေါင်း ၁၃၅ နှစ်ကြာ ဝတ်ပြုဆု​တောင်းခဲ့​သော ​နေရာဖြစ်ပြီး မြင့်မြတ်သည်ဟုလည်း တိဘက်လူမျိုးများက ယုံကြည်ကြသည်။

ယဉ်ကျေးမှုအမွေအနှစ်များ လျစ်လျူရှု ခံရခြင်း

ရေကာတာတည်ဆောက်မှုသည် ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို တရုတ်အစိုးရက လျစ်လျူရှုခြင်း ဖြစ်​ကြောင်း တိဘက်လူမျိုးများက ဆိုသည်။

အာဏာပိုင်များသည် ယခု လ အ​စောပိုင်းတွင် အုတ်​ကျောင်းတိုက် အပြင်ဘက် ၌ ​နေရာ​ပြောင်း​ရွှေ့​မှုစတင်​နေ​​ကြောင်း ​ဒေသခံများအား စင်မြင့်ထက်မှ မိန့်ခွန်း ​ပြောကြား​နေပြီး ​ဘေးဘက်တွင် ကား နှင့် ကရိန်းများဖြင့် ပစ္စည်းများသယ်ယူ​နေသည်ကို ​RFA မှ ရရှိ​သော video အရ သိရသည်။

“ပြန်လည်နေရာချထားရေး လုပ်ငန်းကို အစိုးရ၏ ခွင့်ပြုချက်နဲ့ ဒေသခံပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုကနေ စတင်နိုင်မှာပါ” ဟု ဒေသခံ တရုတ်အရာရှိ ၁ ဦးက ဗီဒီယိုတခုတွင် ပြောသည်ကို ကြားရသည်။

ဘုရား​ကျောင်းအနီးရှိ လယ်ကွင်း များ နှင့် လမ်းများတွင် တိဘက် လူမျိုး အများအပြား ဝတ်ပြု ဆု​တောင်း​နေကြပြီး ” ဒီ​နေရာက ဟိုးအရင်ကတည်းက တိဘက်မျိုးဆက်​တွေအတွက် ဝတ်ပြုဆု​တောင်းရာ​နေရာ ဖြစ်” ​​ကြောင်း ​ပြောဆို ​နေသည်ကို RFA မှ ရ​သော အခြား ဗီဒိယို ဖိုင်တွင် ​တွေ့ရသည်။

Atsok Choktrul Konchog Choedar ဘုန်း​တော်ကြီး​ကျောင်းသည် ၁၈၈၉ တွင် တည်​ထောင်ခဲ့ပြီး သံဃာပေါင်း ၁၆၀ ကျော် သီတင်းသုံးနေထိုင်သည်။ အစိုးရသည် ၂၀၂၁ တွင် အသက် ၁၈ နှစ်အောက် ရဟန်းတော်များအား ကျောင်းတွင် လက်ခံမထားရှိရန်နှင့် ပညာသင်ကြားခြင်းမှ တားမြစ်​သော အမိန့်ထုတ်ပြန်ခဲ့သည်။

သံဃာများနှင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများအား ပလခမြို့နယ်အနီး ခိုကာနာဂလိုသို့ ပြောင်းရွှေ့​ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသော်လည်း သံဃာများအတွက် အစားထိုး အိမ်ရာများ ဆောက်လုပ်ထားခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။

တရုတ်ကုမ္ပဏီများနှင့် တာဝန်ရှိသူများသည် တိဘက်များပိုင်​သော မြေယာများကို သိမ်းယူခြင်း နှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အနှောင့်အယှက်ပြုသည်ဟု စွပ်စွဲမှုများရှိပြီး တစ်ခါတစ်ရံတွင် ပြင်းထန်စွာ ဖိနှိပ်မှုများ ရှိသည်။

ဖေဖော်ဝါရီတွင် စီချွမ် ပြည်နယ် ကာဒ်ဇဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိဗက်ခရိုင်ရှိ ဒဲဂီ ​ဒေသတွင် ရေကာတာတည်ဆောက်မှုကို ကန့်ကွက်သည့် ဘုန်းတော်ကြီးများအပါအဝင် တိဗက်လူမျိုး ၁၀၀၀ ကျော်ကို ရဲများက ဖမ်းဆီးခဲ့သည်။ အဆိုပါ ​ရေကာတာ တည်​ဆောက်မှု​ကြောင့် အနည်းဆုံး ဘုန်းကြီးကျောင်း ၆ကျောင်းကို နစ်မြုပ်စေကာ ရွာအများအပြား ​ရွှေ့ပြောင်းခဲ့ရသည်။