တရုတ်က ကျူးကျော်လျှင် ထိုင်ဝမ်ရေလက်ကြားကို ငရဲဘုံဖြစ်အောင် အမေရိကန်စစ်တပ် လုပ်ဆောင်သွားမည်

ANI:-

တရုတ်စစ်တပ်အား ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်ရန် ပြင်ဆင်ခိုင်းထားသည့် တရုတ်သမ္မရှီကျင့်ဖျင်၏ အစီအစဉ်ကို ဟန့်တားရန် အမေရိကန်စစ်တပ်သည် လျှို့ဝှက်စစ်လက်နက်ပစ္စည်းများကို အသုံးပြုပြီး ထိုင်ဝမ်ရေလက်ကြားကို ငရဲဘုံ ဖြစ်သွားစေမည့် မဟာဗျူဟာကို ပြင်ဆင်ထားပြီဖြစ်ကြောင်း Washington Post သတင်းတွင် ဖော်ပြထားသည်။

“မိမိအနေနဲ့ လျှို့ဝှက်စစ်လက်နက်ပစ္စည်းတွေကိုသုံးပြီး ထိုင်ဝမ်ရေလက်ကြားကို ငရဲဘုံ၊ လူကိုယ်တိုင် သွားတိုက်စရာမလိုတဲ့ ငရဲဘုံဖြစ်သွားအောင် လုပ်ပစ်လိုက်ချင်တာ” ဟု အမေရိကန်စစ်တပ်၏ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ကြီး ဆင်မြူရယ် ပါပါရိုက ပြောကြားခဲ့သည်။ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာနက ပြုလုပ်သည့် ရှန်ဂရီလာထိပ်သီးဆွေးနွေးပွဲတွင် Washington Post သတင်းစာသို့ ပါပါရိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အစီအစဉ်ကို ဟန့်တားမည့် သော့ချက်မှာ ငရဲဘုံဗျူဟာဖြစ်ကြောင်း ပါပါရိုက ပြောကြားခဲ့သည်။ အဆိုပါဗျူဟာအရ တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ရေမိုင် ၁၀၀ အတွင်းသို့ တရုတ်ကျူးကျော်တပ်ဖွဲ့များ စတင်ဖြတ်သန်းဝင်ရောက်လာသည့်နှင့်တပြိုင်နက် အမေရိကန်စစ်တပ်က မောင်းသူမဲ့ ရေငုပ်သင်္ဘောများ၊ ရှပ်ပြေးရေယာဉ်များနှင့် ဒရုန်းများကို ထောင်နှင့်ချီစေလွှတ်၍ ဟန့်တားသွားမည်ဖြစ်ပြီး ထိုင်ဝမ်၊ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်တပ်ဖွဲ့များအနေဖြင့် အပြည့်အဝတုံ့ပြန်ချိန်ရရှိအောင် ဆောင်ရွက်သွားမည်သည်။

“ဒီလိုလုပ်ခြင်းအားဖြင့် ၎င်းတို့ကို တလလောက် ကောင်းကောင်းဒုက္ခပေးနိုင်မှာဖြစ်ပြီး ကျန်တဲ့အရာတွေအတွက် အချိန်ရသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားကို ဝိုင်းပတ်ထားကာ နောက်ထပ်အကူအညီများ မလာမချင်း တရုတ်စစ်တပ်ကို ဗျာများစေမည့် ထောင်နဲ့ချီသည့် ဒရုန်းအသစ်များကို အလျင်အမြန်တည်ဆောက်ပြီး တပ်ဖြန့်ချထားရန်စီစဉ်နေကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ဗျူဟာမျိုးသည် ဈေးသက်သာပြီး အသုံးဝင်သည့်ဒရုန်းများအတွက် အရင်းအနှီးများစွာလိုအပ်သောကြောင့် အမေရိကန်သည် Replicator အစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည်။ ထောင်နှင့်ချီသော မောင်းသူမဲ့ယာဉ်များကို တပ်ဖြန့်ချထားမည့် အဆိုပါ ရေရှည်အစီအစဉ်ကို ကာကွယ်ရေးဌာနက ပြီးခဲ့သည့်နှစ်တွင် တရားဝင်ကြေညာခဲ့သည်။

ထို့ပြင် “ကမ္ဘာ့တဖက်ခြမ်းက ဒီမိုကရေစီနိုင်ငံငယ်လေးတခုကို ကာကွယ်ဖို့ အမေရိကန်နိုင်ငံသားတွေကို စေလွှတ်ရေးဆိုတာ အမေရိကန်သမ္မတတိုင်းအတွက် အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်” ဟု အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်အကြီးအကဲသစ် ဗိုလ်ချုပ်ကြီး ဆင်မြူရယ်ပါပါရိုက ပြောကြားခဲ့သည်။

“ဒါကြောင့် နံပတ်(၁)အစီအစဉ်က သမ္မရှီကျင့်ဖျင်အနေနဲ့ ထိုင်ဝမ်ရေလက်ကြားကို ဘယ်တော့မှ မျက်စောင်းမထိုးအောင်နဲ့ အလွယ်တကူ အနိုင်ရလိမ့်မယ်လို့မထင်အောင် ဆောင်ရွက်ပြီး ကျူးကျော်ဖို့ တရစပ် ကြိုးပမ်းနေမှုတွေကို ဟန့်တားရေးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပင်တဂွန်အနေဖြင့် Replicator စီမံကိန်းအတွက် ယခုဘဏ္ဍာနှစ်အတွင်း ဒေါ်လာ တဘီလီယံအသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ကတ်သလင်းဟခ်စ်က မတ်လတွင် ပြောကြားခဲ့သည်။ အစီအစဉ်တွင် ကနဦးထုတ်လုပ်မည့် ဒရုန်းများတွင်ရှိရမည့် စွမ်းဆောင်ရည်အချို့ကို အလေးထားပြောကြားခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်သည် အဆိုပါစနစ်များကို ဖန်တီးတည်ဆောက်ရန် ကာကွယ်ရေးမိတ်ဖက်များနှင့် ပူးပေါင်းရွက်လျက်ရှိသည်။

“Replicator အစီအစဉ်သည် သင်္ဘော၊ ဒုံးကျည်နဲ့ လူအင်အားပိုများသည့် တရုတ်၏ အကြီးမားဆုံး အားသာချက်ကို တန်ပြန်ရန် ရည်ရွယ်ကြောင်း ဟခ်စ်က ပြီးခဲ့သည့် နွေရာသီက ပြောကြားခဲ့သည်။ “မိမိတို့ အနေနဲ့ လူသူလက်နက်အင်အား အလုံးအရင်းပိုင်ဆိုင်ထားတဲ့ တရုတ်စစ်တပ်ကို မိမိတို့ရဲ့ အင်အားအလုံးအရင်းနဲ့ တန်ပြန်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ အင်အားက စီစဉ်ရ ပိုခက်တယ်၊ တိုက်ခိုက်ဖို့ ပိုခက်တယ်၊ အနိုင်ယူဖို့ ပိုခက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်မောင်းသူမဲ့ယာဉ်များ၏ စွမ်းဆောင်ရည်သည် အချိုးမညီအားသာချက်များကို ရရှိစေလိမ့်မည်ဖြစ်ကြောင်း အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် တပ်မှူးဟောင်းက ပြောကြားခဲ့သည်။

တရုတ်စစ်တပ်သည် ထိုင်ဝမ်အနီးတဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်ကာ ထိုင်ဝမ်ကျွန်းကို ထိထိရောက်ရောက်ဝိုင်းရံထားပြီး ပူးပေါင်းတပ်ဖွဲ့များ၏ စွမ်းရည်ကို ပြသခဲ့ပြီးနောက် ပါပါရိုက “ငရဲဘုံ” မဟာဗျူဟာအကြောင်း ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်အနေဖြင့် ပိတ်ဆို့တားဆီးမှုများကို မည်သို့မည်ပုံ လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်ကြောင်း အမေရိကန်နှင့် ထိုင်ဝမ်တို့ကို ပြသခဲ့သော်လည်း ၎င်းသည် အမေရိကန်စစ်တပ်အတွက် လေ့လာသင်ခန်းစာယူစရာ အခွင့်အရေးတရပ်လည်း ဖြစ်ခဲ့သည်။-

စစ်ရေးလေ့ကျင့်မှုအပြီးတွင် ပါပါရိုက “၎င်းတို့သည် ကျူးကျော်စစ်တွက် အစမ်းလေ့ကျင့်မှုနှင့် တူနေကြောင်း၊ မိမိတို့အနေဖြင့် ၎င်းကို လေ့လာစောင့်ကြည့် မှတ်သားထားကြောင်းနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် အထောက်အကူပြုခဲ့ကြောင်း” ဂျပန်သတင်းစာဖြစ်သော Nikkei သို့ ပြောကြားခဲ့သည်။

ငရဲဘုံဗျူဟာ အချိန်မီပြီးစီးလျှင်ပင် ဒရုန်များကို အစုလိုက်အပြုံလိုက် စေလွှတ်ရုံဖြင့် ထိုင်ဝမ်ရေလက်ကြားရှိ တရုတ်၏ ကြီးများသော စစ်ရေးတည်ဆောက်မှုများကို ယှဉ်နိုင်ရန် မလွယ်ပေ။ တရုတ်စစ်တပ်သည် နျူးကလီးယား၊ ရေတပ်၊ လေတပ်၊ ဆိုက်ဘာ၊ ထောက်လှမ်းရေးနှင့် အီလက်ထရွန်းနစ် စစ်ဆင်ရေးစွမ်းရည်များကို စံချိန်တင်မြန်နှုန်းဖြင့် တိုးချဲ့တည်ဆောက်လျက်ရှိသည်။ တရုတ်၏ စစ်ရေး အသုံးစရိတ်သည် တရားဝင်ကြေညာထားသည်ထက် သုံးဆခန့်များနိုင်ပြီး နှစ်စဉ် ဒေါ်လာ ၇၀၀ ဘီလီယံခန့်ရှိနိုင်ကြောင်း ပါပါရိုက ပြောကြားခဲ့သည်။