ဂါဇာတွင် ပါလက်စတိုင်းသေဆုံးသူဦးရေ ၂၀,၀၀၀ နီးပါးရှိလာပြီး လူ ၂ သန်းနီးပါး နေရပ်စွန့်ခွာထားရ

အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ တစ်ဦးကို သယ်ဆောင်နေစဥ်/Photo:AFP

The Guardian

ဂါဇာတောင်ပိုင်းတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူ ၂၅ ဦး သေဆုံးပြီး ဂါဇာ မြောက်ဘက်ပိုင်းတွင်လည်း ဒုက္ခသည်စခန်းတခု ထိမှန်ခဲ့သည်။ ယင်းဧရိယာရှိ နောက်ဆုံးလက်ကျန် လည်ပတ်နေသော ဆေးရုံများအနက် တခုကိုလည်း အစ္စရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သည်။ လက်ရှိတွင် ဂါဇာတွင် သေဆုံးသည့် ပါလက်စတိုင်းဦးရေသည် ၂၀,၀၀၀ နီးပါးကို ရောက်ရှိလာပြီဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးမှုများ ရှိနေသလို အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည့်လူ နှစ်သန်းနီးပါးအတွက် မနှစ်မြို့စရာ အခြေအနေများ ရှိနေသည်။ အစားအစာ၊ သန့်ရှင်းသော ရေ သို့မဟုတ် မိလ္လာစနစ်တို့ လက်လှမ်းမီမှုနည်းပါးခြင်းကြောင့် နိုင်ငံတကာအကြား၊ ယုတ်စွအဆုံး အစ္စရေး၏ အနီးကပ် မဟာမိတ်များအကြား အမျက်ဒေါသများကို ကြီးထွားစေရန် တွန်းပို့နေသည်။

ဂါဇာတောင်ပိုင်းရှိ ရာဖာဟ်မြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကပ်လျက်တည်ရှိသည့် အိမ်သုံးလုံးကို ထိမှန်ခဲ့ကာ လူ ၂၅ ဦး သေဆုံးကြောင်း ပါလက်စတိုင်း မီဒီယာသတင်းများက ဖော်ပြသည်။ ထို့ပြင် မြောက်ဘက်ပိုင်းရှိ ဂျဘယ်လီယာ ဒုက္ခသည်စခန်းလည်း တိုက်ခိုက်ခံရ၍ လူ ၁၀ ဦး သေဆုံးကြောင်း သိရသည်။

ဂါဇာရှိ ခရစ်ယာန်ကျောင်းဝင်းတခုအတွင်းနှင့် စာသင်ကျောင်းတခုတို့ မကြာသေးခင်က တိုက်ခိုက်ခံရမှုနှင့် ဂါဇာမြို့ရှိ နောက်ဆုံးလက်ကျန် လည်ပတ်နေသော ဆေးရုံများအနက် တခု ပိတ်သိမ်းခဲ့ရသည့် စီးနင်းမှုတခုတို့ကြောင့် အရပ်သားများအပေါ် အကာအကွယ်ပေးရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတို့ကို မြင့်တက်စေခဲ့သည်။ အစ္စရေးသတင်းစာ Haaretz တွင် ဖော်ပြသည့် အစ္စရေး၏ ထိန်းသိမ်းမှုအောက် အကျဉ်းသားသေဆုံးမှုများနှင့်ပတ်သက်သည့် သတင်းတပုဒ်ကြောင့်လည်း အစ္စရေးဘက်က စစ်ပွဲကို မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်နေသလဲဆိုသည်နှင့်ပတ်သက်ပြီး မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။

လက်ရှိတွင် သီတင်းပတ် ၁၁ ပတ်ထဲ ဝင်လာပြီဖြစ်သည့် အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုအတွက် တည်ကြည်ခိုင်မာစွာ ထောက်ခံမှုအပိုင်းတွင် အမေရိကန်သည် တိုး၍တိုး၍ သီးခြားထီးတည်း ဖြစ်လာပုံရနေသည်။ ကုလသမဂ္ဂ၏ စောင့်ကြည့်မှုအောက်တွင် လူသားချင်းစာနာမှု အကူအညီများ ပိုမိုကြီးမားစွာ စီးဝင်စေခွင့်ပြုရန် ရန်လိုတိုက်ခိုက်မှုများ ရပ်ဆိုင်းရေး တောင်းဆိုမည့် ဆုံးဖြတ်ချက်သစ်တခုနှင့်ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီက စဉ်းစားချိန်ဆလျက် ရှိသည်။