တရုတ်မိုးပျံပူဖောင်းများကို ထိုင်ဝမ်ရေလက်ကြားတွင် ထပ်မံတွေ့ရှိ

Photo:AFP

The Standard:

ထိုင်ဝမ်ရေလက်ကြားပေါ်တွင် ပျံသန်းနေသည့် တရုတ်မိုးပျံပူဖောင်း သုံးလုံးကို ဇန်နဝါရီ ၇ ရက်တွင် ထပ်မံ ထောက်လှမ်းတွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ တလုံးမှာ ကျွန်းပေါ်မှ ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ယင်းကဲ့သို့ မိုးပျံပူဖောင်း အများအပြားကို ပြီးခဲ့သည့်လအတွင်း ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားထားပြီး ယခုတစ်ကြိမ်မှာ နောက်ဆုံးအကြိမ် တွေ့ရှိမှု ဖြစ်သည်။

ထိုင်ဝမ်၏ အရေးပါသော ရွေးကောက်ပွဲမတိုင်မီရက်များအတွင်း တရုတ်သည် မိုးပျံပူဖောင်းများကို အသုံးပြု၍ လေကြောင်းလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး ထိုင်ဝမ်ပြည်သူများအပေါ် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်တွင်ထုတ်ပြန်သည့် အပြင်းအထန်ကန့်ကွက်ကြောင်း ကြေညာချက်တွင် စွပ်စွဲပြောဆိုထားသည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် မိုးပျံပူဖောင်းများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ယခင်လက ငြင်းဆိုခဲ့ပြီး ယခုတစ်ကြိမ်တွင် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း အကြောင်းပြန်ခဲ့ခြင်း မရှိပေ။

တရုတ်သူလျှိုမိုးပျံပူဖောင်းတစ်လုံးကို ယမန်နှစ် ဖေဖော်ဝါရီလတွင် အမေရိကန်က ပစ်ချခဲ့ပြီးနောက် တရုတ်အနေဖြင့် သူလျှိုလုပ်ထောက်လှမ်းရာတွင် မိုးပျံပူဖောင်းများအား အသုံးပြုလာနိုင်ခြေသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ အဆိုပါပူဖောင်းသည် မတော်တဆ လမ်းကြောင်းပြောင်းလဲသွားခဲ့သည့် အရပ်ဘက်သုံးပူဖောင်းတလုံးဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပမည့် သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများမတိုင်မီ တရုတ်၏ စစ်ရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို အထူးသတိထားစောင့်ကြည့်လျက်ရှိသည်။ တရုတ်သည် ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးပမ်းသည့်အနေဖြင့် စစ်ရေးနှင့် စီးပွားရေးဖိအားပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထိုင်ဝမ်က ပြောကြားထားသည်။

တရုတ်က ထိုင်ဝမ်အား ၎င်းပိုင် နယ်မြေအဖြစ် ယူဆထားသော်လည်း ထိုင်ဝမ်က အဆိုပါ တောင်းဆိုချက်ကို ပယ်ချထားသည်။

ထိုင်ဝမ်ရေလက်ကြားပေါ်တွင် ပျံသန်းနေသော တရုတ်မိုးပျံပူဖောင်းအများအပြားကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လကတည်းက ထုတ်ပြန်ထားသည်။ လွန်ခဲ့သည့် တပတ်အတွင်း မိုးပျံပူဖောင်းအချို့သည် ထိုင်ဝမ်ကျွန်းပေါ်ရှိ အရေးပါသော လေတပ်အခြေစိုက်စခန်းများအနီးမှ ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးအကြိမ်တွေ့ရှိမှုတွင် မိုးပျံပူဖောင်း သုံးလုံးသည် ထိုင်ဝမ်ရေလက်ကြားရှိ အရေးပါသော အလယ်မျဉ်းပေါ်မှ ဇန်နဝါရီ ၇ ရက်တွင် ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ယင်းဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် မိုပျံပူဖောင်း တလုံးသာ ထိုင်ဝမ်ကျွန်း၏ တောင်ဘက်အစွန်းမှ ဖြတ်ကျော် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည့် မြေပုံတွင် ဖော်ပြထားသည်။ မိုးပျံပူဖောင်းအားလုံးသည် အရှေ့ဘက်သို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် ထိပါးနှောင့်ယှက်မှုများကို ရပ်တန့်သင့်ကြောင်း အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)မှ ဒုတိယသမ္မလောင်း ရှောက်ဘီ-ခင်မ် က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် တပတ်သာ လိုတော့သည့်အချိန်တွင် ရေလက်ကြားဒေသသို့ လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်ခြင်းကို ရပ်တန့်ရန် တရုတ်အား ထိုင်ဝမ်၏ အကြီးဆုံးအတိုက်အခံပါတီဖြစ်သော ကူမင်တန် (KMT) ပါတီမှ ဒုတိယသမ္မတလောင်း ဂျောရှော-ကောင်က ဇန်နဝါရီ ၇ ရက်တွင် တောင်းဆိုခဲ့သည်။

ထိုင်ဝမ် ရေလက်ကြားတွင် ငြိမ်းငြိမ်းချမ်းချမ်းနေခွင့်ပေးပြီး ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ကျင်းပခွင့်ပေးရန် ဂျောက တောင်းဆိုခဲ့သည်။

ထိုင်ဝမ်ရေးလက်ကြားရှိ အလယ်မျဉ်းသည် ထိုင်ဝမ်နှင့်တရုတ်အကြား တရားဝင်မဟုတ်သော နယ်ခြားမျဉ်းအဖြစ် ယခင်က သတ်မှတ်ထားခဲ့သော်လည်း တရုတ် တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် ယခုအခါ မိုးပျံပူဖောင်းများသည် အဆိုပါ မျဉ်းပေါ်မှ ပုံမှန်ဖြတ်ကျော်ပျံသန်းလျက်ရှိသည်။

ရေလက်ကြားအလယ်မျဉ်းသည် တည်ရှိခြင်း မရှိကြောင်းနှင့် ထိုင်ဝမ်ရှိ အာဏာရ DPP ပါတီသည် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တရုတ်၏ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ စိတ်လှုပ်ရှားလျက်ရှိပြီး ထိပ်တိုက်ရင်ဆိုင်ရန် လှုံ့ဆော်လျက်ရှိကြောင်း တရုတ်နိုင်ငံရှိ ထိုင်ဝမ်ရေးရာရုံးက ယခင်တပတ်က ပြောကြားခဲ့သည်။