အနားမယူခင် အင်တာမိုင်ယာမီက နောက်ဆုံးကလပ်အသင်းဖြစ်မယ်လို့ မက်ဆီ အတည်ပြု

လီယွန်နယ်မက်ဆီက သူဟာ ကစားသမားဘဝကနေ အနားယူဖို့ မဆုံးဖြတ်ခင် အင်တာမီယာမီဟာ သူ့ရဲ့ နောက်ဆုံးကစားတဲ့ ကလပ်အသင်းဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် ကြယ်ပွင့်ကစားသမားက သူ့ရဲ့ကစားသမားဘဝကို လက်လွှတ်ဖို့ မပြင်ဆင်ရသေးပေမယ့် အားကစားလောကမှာ သူ့ရဲ့အချိန်က အဆုံးသတ်ကာလကို နီးကပ်လာပြီဆိုတာ သိထားကြောင်း ပြောပါတယ်။

“အင်တာမိုင်ယာမီက ကျနော့်ရဲ့နောက်ဆုံးကလပ်ဖြစ်မှာပါ”လို့ မက်ဆီက ESPN ကို ပြောကြားခဲ့ပါတယ်။ “ကျနော် ဘောလုံးကစားနေရတာကို သဘောကျပါတယ်။ ကစားဖို့ လက်ကျန်အချိန်တွေ နည်းပါးလာတာကို သိရှိနေတာကြောင့် အရာအားလုံးမှာ ပိုပျော်ရွှင်လာပါတယ်။”

အင်တာမိုင်ယာမီနဲ့ ၂၀၂၅ နှစ်ကုန်အထိ စာချုပ်ရှိနေတဲ့ မက်ဆီဟာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေအတွက် ဥရောပမှာ နှစ် ၂၀ ကြာကစားပြီးနောက် ၂၀၂၃ မှာ မေဂျာလိဂ် (MLS)ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

“ဘောလုံးကစားရတာကို မြတ်နိုးပါတယ်။ ဒါကို ကျနော်ဘဝတလျောက်လုံး လုပ်ခဲ့ပြီးပါပြီ။ လေ့ကျင့်မှုတွေနဲ့ နေ့စဉ် ပွဲကစားရတာတွေကို ပျော်ရွှင်ပါတယ်”လို့ မက်ဆီက ဆိုပါတယ်။ “ဒါတွေ အားလုံးအဆုံးသတ်သွားမှာဆိုတဲ့ စိုးရိမ်စိတ် နည်းနည်းရှိတယ်။ အမြဲရှိနေတယ်။ ဥရောပကို စွန့်ခွာပြီး (မိုင်ယာမီ) ဒီကို လာဖို့ ခက်ခဲတဲ့ ခြေလှမ်းတခုဖြစ်ခဲ့ပါတယ်။”

အဲ့ဒီလို ပြောဆိုရင်း မက်ဆီက “ကျနော် ဒါကို ပျော်ရွှင်နိုင်အောင် ကြိုးစားပါတယ်။ အချိန်အများကြီးမကျန်တော့မှန်းသိလို့ အခုချိန်မှာ ပိုလုပ်တယ်။ ဒီတော့ ကျနော့်အနားမှာ အသင်းဖော်ကောင်းတွေနဲ့ သူငယ်ချင်းကောင်းတွေရှိလို့ ကလပ်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေ ရှိနေပါတယ်။”

ဘလွန်းဒီအော် ရှစ်ကြိမ် စံချိန်တင်ရရှိထားတဲ့ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအတွက် ၁၄ ဂိုး သွင်းယူထားပါတယ်။ သူဟာ ၂၀၂၃ ကိုပါအမေရိက၊ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားရဲ့ အောင်မြင်တွေကို ရယူပေးခဲ့သလို ဒီလရဲ့ ကိုပါအမေရိကပြိုင်ပွဲကို သူ့နိုင်ငံအတွက် ကစားမှာဖြစ်ပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီဟာ သူ့ရဲ့နိုင်ငံအတွက် ကစားဖို့ အစီအစဉ်ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

“ကောင်းမွန်တဲ့ သူငယ်ချင်းတွေ အများကြီးရှိနေတဲ့ နိုင်ငံအသင်းနဲ့အတူ ကျနော့်အချိန်တွေကို ပျော်မွေ့ပါတယ်။ ဘောလုံးကနေ အနားယူလိုက်တဲ့အခါ အမှတ်ရလွမ်းနေမိမယ်ဆိုတာ သိထားပါတယ်။ အဲဒီအသေးစိတ်လေးတွေကိုအစ ကျနော် နှစ်သက်ပါတယ်။”

(NBC Miami)