အာရှအဖွဲ့ချုပ်သို့ ပြောင်းရွှေ့ခြင်းကို ရုရှားဘောလုံးအဖွဲ့ချုပ် ကန့်ကွက်မဲပေး

By PKThawn – ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ပိတ်ပင်ခံထားရနေလင့်ကစား အာရှဘောလုံးအဖွဲ့ချုပ် (AFC) နဲ့ ပူးပေါင်းဖို့ UEFA ကနေ ခွဲထွက်သွားရေးကို ကန့်ကွက်ကြောင်း ရုရှားဘောလုံးအဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

“အာရှကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူတိုင်းက ဒီဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ထောက်ခံခဲ့ကြတယ်”လို့ ရုရှားဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အိုင်ဒမ်မီဗိုက နိုင်ငံပိုင်သတင်းအေဂျင်စီ TASS ကို ပြောဆိုချက်အရ သိရပါတယ်။

“ကျနော်တို့ ဥရောပဘောလုံးအဖွဲ့ချုပ်မှာရှိနေရေးအတွက် တိုက်ပွဲဝင်သွားမှာပါ။ ရုရှားက ဥရောပပါ။ ကျနော်တို့တွေ အနိုင်ရမှာပါ”လို့ သူက ပြောပါတယ်။

သမ္မတ ဗလာဒီမာပူတင်က ၂၀၂၂ ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် လေးရက်အကြာမှာ အရေးယူမှုတစိတ်တပိုင်းအဖြစ် ရုရှားအသင်းကို ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

UEFA မှ ထွက်ခွာပြီး AFC နဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ဟာ အထူးသဖြင့် ချန်ပီယံလိဂ်လို အရင်က ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ရုရှားကလပ်တွေအတွက် အဓိကအားဖြင့် ငွေရေးကြေးရေးအရ အကျိုးဆက်တွေ ရှိမှာဖြစ်ပါတယ်။

AFC မှာ ပါဝင်ဖို့ မော်စကိုရဲ့ ကြိုးပမ်းအားထုတ်မှုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)မှ ပယ်ချနိုင်တယ်လို့ ရုရှားတာဝန်ရှိသူတွေကလည်း ဆိုပါတယ်။

“FIFA ရဲ့ အာမခံချက်မရှိလို့ ကျနော်တို့ တညီတညွတ်တည်း ကန့်ကွက်မဲပေးခဲ့တာပါ”လို့ ရုရှားဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်တဦးဖြစ်တဲ့ မီခေးလ် ဂျတ်ရှကိုဗစ်က နိုင်ငံပိုင်သတင်းဌာန RIA Novosti ကို ပြောပါတယ်။

မော်စကိုဟာ UEFA နဲ့ အဆက်သွယ်တွေ ဆက်လုပ်မယ်လို့ ဂျတ်ရှကိုဗစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

“လာမယ့်နှစ်မှာ အခြေအနေ ဘယ်လိုတိုးတက်လာမလဲဆိုတာ ကြည့်ကြတာပေါ့”လို့ သူက ဆိုပါတယ်။

(AFP)