ဆီဆိုင်မြို့ ထီဗွာရွာဒေသခံ ၅၉ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရဟု PNLA ဆို

ပုံအညွှန်း – ရှမ်းပြည်နယ်​တောင်ပိုင်းရှိ စစ်​ဘေး​ရှောင်အချို့အား ​တွေ့ရစဥ် (ဓါတ်ပုံ- CJ)

001

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီဗွာ (ရေဖြူ) ကျေးရွာ ဒေသခံပြည်သူ ၅၉ ဦးကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က ကျေးရွာခန်းမအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ပြောသည်။

အဆိုပါ ဒေသခံများကို ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအနက် တဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကာ အသက်အရွယ်အားဖြင့် အသက် ၄၀ နှင့် အထက်အများစုပါဝင်ကြောင်း PNLA က ယမန်နေ့( ဇွန်လ ၁၂ ရက် )တွင် ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံလိုက်ရသူများသည် တောတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်နေသူများဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့အား ကျေးရွာသို့ ပြန်မလာပါက နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်အကျပ်ကိုင်သည့်အတွက် ပြန်လာရာမှ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု PNLA က ဖော်ပြထားသည်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒီလိုမျိုးဒေသခံပြည်သူတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက အစုလိုက်အပြုံလိုက် ရွာခန်းမထဲမှာ ဖမ်းထားတယ်ဆိုတာကို ကျွန်တော်တို့သိရတော့ ရှင်းရှင်းပြောရရင် ဒီဒေသခံ ပြည်သူပြည်သားတွေကို စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားမှာကို ကျွန်‌တော်တို့က အစိုးရိမ်ဆုံးဖြစ်ပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အနေဖြင့် ဆီဆိုင်မြို့နယ်အတွင်း ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်းများ မကြာခဏ ကျူးလွန်နေလျက်ရှိကြောင်း PNLA က ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါ ဒေသခံများအား ဖမ်းဆီးထားသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အမျိုးသားတဦးကလည်း ၎င်းအနေဖြင့် ထိုဖမ်းဆီးခံရမှု မြေပြင်အခြေအနေအား ဂဃဏန မသိရှိရသေးကြောင်းနှင့် ထီဗွာရွာမှ ဒေသခံ အများစုသည် နေရပ်ပြန်မလာကြသေးဘဲ စစ်ရှောင်နေရဆဲဖြစ်ကြောင်း ဆိုသည်။

ရှမ်းပြည်နယ်​တောင်ပိုင်းတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ​ကြောင့် ​ဒေသခံများအ​နေဖြင့် ​စစ်​ဘေး​တိမ်းရှောင်​နေခြင်းဖြစ်သည်။

ရှမ်း​​တောင် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းစသည့် မြို့နယ်တို့မှ စစ်ဘေးတိမ်းရှောင်နေရသည့် အရပ်သား ၅၃,၄၀၀ ဦးနှင့် အထက်ရှိကြောင်း အချက်အလက်များ ကောက်ယူနေသည့် ပအိုဝ်းလူငယ်အစည်းအရုံး( PYO )က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ရက်ပေါင်း ၁၄၀ အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား ၇၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိကြောင်းလည်း PYO၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)