မိုးသည်းထန်ပြီး ကျိုက်ထီးရိုးတောင်တက်လမ်း နေရာအချို့မြေပြို

ပုံအညွှန်း- ကျိုက်ထီးရိုးတောင်တက်လမ်းပေါ်၌ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်း၌ မြေပြိုမှုဖြစ်ပွားစဉ်

ပုံအညွှန်း- ကျိုက်ထီးရိုးတောင်တက်လမ်းပေါ်၌ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်း၌ မြေပြိုမှုဖြစ်ပွားစဉ်

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျိုက်ထီးရိုးတောင်တက်လမ်းမြေပြို၍ လမ်းပိတ်ထားရကြောင်းဒေသခံများက ပြောသည်။

ကျိုက်ထီးရိုးတောင်တက်လမ်း စခန်းလေးရေဆိပ်ကွေ့အနီးတွင် ဇွန်လ ၁၂ ရက်နေ့ညပိုင်းမှစ၍ မြေပြိုခဲ့ပြီး ယနေ့ (ဇွန်လ ၁၃ ရက်) ညနေအထိ လမ်းအလျားအတိုင်း ပေ၁၀၀ခန့် မြေကြီးများဖုံးအုပ်နေသည်ဟု ဒေသခံတဦးကပြောသည်။

” တောင်မြေပြိုတာပေါ့။ နှစ်တိုင်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခေါက်က တော်တော်များတယ်။ကားလမ်းပေါ် ပေ ၁၀၀ လောက် ဖုံးသွားတာဆိုတော့လေ။ အခုထိတော့ ဖယ်တုန်းပဲ” ဟု၎င်းက ယနေ့ ဇွန်လ ၁၃ရက် မွန်းလွဲ ၃နာရီခန့်တွင် ပြောသည်။

မြေပြိုမှုကြောင့် လူအထိအခိုက် မရှိသော်လည်း တောင်တက်လမ်းအား ခေတ္တပိတ်ထားသည်။ လတ်တလောတွင် ရသေ့တောင်လမ်းဟောင်းကို အသုံးပြုနေရကြောင်း တောင်တက်ယာဉ်မောင်းတဦးထံမှ သိရသည်။

ကျိုက်ထီးရိုးတောင်ကြောတလျှောက်တွင် မိုးရက်ဆက် ရွာသွန်းပါက မြေပြိုမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ကလည်း ကျိုက်ထီးရိုး တောက်တက်ကားလမ်းအနီး၊ ရသေ့တောင်စခန်း‌နှင့် ကျီးကန်းပါးစပ်နေရာတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေပြိုမှု ဖြစ်ပွားခဲ့သည်။ စေတီငယ်နှစ်ဆူနှင့် ဒေသခံနေအိမ်အချို့၊ဈေးဆိုင်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်မှ ဇွန်လ ၁၆ ရက်နေ့အထိ မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးဆက်လက်ကောင်းနိုင်ပြီး ရေကြီး၊မြေပြိုမှုဘေးသတိပြုကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ဇွန်လ ၁၀ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း