⁨မြဝတီမြို့တွင် ပြည်တွင်းဆန်ပြတ်လပ်

ဓာတ်ပုံ- ပုံဟောင်း

ဟန်ထူးဇော်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည်တွင်းဆန်ပြတ်လပ်နေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး ယနေ့ ဇွန်လ ၁၄ ရက်တွင် ဆန်ဆိုင် အများစုမှာ ပိတ်ထားကြောင်း ဒေသခံများထံက သိရသည်။

ယခင်က ပေါ်ဆန်းမွေး ဆန် ၂၄ ပြည် တအိတ်လျှင် ၂၀၀,၀၀၀ ကျပ်ဝန်းကျင်မှ လက်ရှိတွင် ၂၈၀,၀၀၀ ကျပ် ဝန်းကျင် ၊ ယခင်က ဆန်ကြမ်း ၂၄ ပြည်တအိတ်လျှင် ကျပ် ၁၀၀,၀၀၀ ကျပ်ဝန်းကျင် ရှိရာမှ လက်ရှိတွင် ၁၆၀ ,၀၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိနေကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ဆန်အမျိုးအစားနှင့် စျေးနှုန်းပေါ်မှုတည်၍ ကျပ် ၆၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ စျေးတက်လာခြင်းဖြစ်သည်။

“မြဝတီမှာ အောက်ဆန်လို့ခေါ်တဲ့ ပြည်မကြီးက သွင်းတဲ့ဆန်တွေ ပြတ်လာပြီ ဆန်ဈေးတွေလည်း အတော်တက်နေတယ်။ ဆန်ကြမ်းကော ဆန်ချောကော အကုန်တက်နေတာ ။ တနေ့ထက် တနေ့ပိုဈေးတက်လာတယ်”ဟု မြဝတီမြို့ဒေသခံအမျိုးသမီးတဦးက ပြောသည်။

မိုးရွာသွန်းမှုကြောင့် ထော့်ကော်ကိုးလမ်း၊ မြဝတီ -ဘားအံ လမ်းသစ် ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းတို့မှာ ပျက်စီးနေ၍ ကော့ကရိတ်- မြဝတီလမ်းဟောင်းကို လမ်းပန်းဆက်သွယ်ရေးအတွက် အဓိက အသုံးနေရပြီး ထိုလမ်းမှာ ကုန်ကားများ သွား၍ မရကြောင်း သိရသည်။ လက်ရှိတွင် ဆန်ကားအပါအဝင် ကုန်ကားများမှာ ဒေါနတောင်ခြေတွင် ပိတ်မိနေကြောင်း ဒေသခံများကဆိုသည်။

“ဆန်ကားတွေက အခု လမ်းဟောင်းကနေလာလို့ မရဘူးဖြစ်နေတယ်။ ဒီလ ဇွန်လ ၁ ရက်ကစပြီးတော့လို့ ပြောလို့ရမယ်။ လမ်းတွေမှာ တာဝန်ယူထားတဲ့ အဖွဲ့အစည်းအစုံကလည်း ကုန်ကို ကန့်သတ်ထားတယ် ။ ကုန်အများကြီးပေးမတင်ဘူး ။ ဆန်တင်မဟုတ်ဘူး တခြားပစ္စည်းတွေပါ ရှားသွားတယ် အဓိက လမ်းမကောင်းတာ”ဟု ကုန်ကားနှင့် နီးစပ်သူတဦးမှ ပြောသည်။

လမ်းပန်းဆက်သွယ်ရေးအတွက် လက်ရှိအသုံးပြုနေသည့် ကော့ကရိတ်- မြဝတီလမ်းဟောင်းသည် တောင်ပေါ်လမ်းကောင်းသော်လည်း ရွာချင်းဆက်လမ်းများ ပျက်စီးနေပြီး ကုန်ကားများမှောက်ခြင်း၊ လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

“ဆန်ကားမလာတော့တာက ၂၅ရက်လောက်ရှိပြီလို့ပြောလို့ရမယ်။ မေးကြည့်တော့ သာမညလိုနေရာမျိုးမှာ ဆန်ရောက်ပြီး ဒီဘက်ကို တင်မယ့် ကားအဆင်မပြေကြတာပေါ့ ။ မြဝတီနဲ့အနီးတဝိုက်မှာက ရွာသားတွေစိုက်တဲ့ ဆန်ကို သုံးသာရှိသလို အဲ့ဆန်ကလည်း တနိုင်တပိုင်ပဲဆိုတော့ ဘယ်လောက်မလဲ ။ အခု ထိုင်းဘက်က ဆန်ကိုဘဲ အဓိက အားထားပြီး သုံးနေရတယ်”ဟု ဆန်ကုန်သည်နှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိတွင် မြို့ခံ များမှာ ထိုင်းဆန် ၄၀ ကီလို တအိတ်လျှင် ပျှမ်းမျှ ကျပ် ၁၂၀,၀၀၀ ဝန်းကျင် ပေး၍ ဝယ်ယူနေရကြောင်းသိရသည်။ ထို့ပြင့် ကြက်ဥတလုံး ကျပ် ၁,၀၀၀ အထိ ပေါက်စျေးရှိနေပြီး ကြပ်ဥ အလုံး၃၀ တကတ်လျှင် ၂၅,၀၀၀ ကျပ်ပေါက်စျေးရှိနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး