အင်းစိန်ထောင်တွင် သရုပ်ဆောင်မင်းရာဇာနှင့် လူမိုက်များက နိုင်ကျဉ်းများကို ရိုက်နှက်ညှဥ်းပန်း

ပုံအညွှန်း-LTK/ရုံးချိန်းတခုတွင်တွေ့ရသော သရုပ်ဆောင်မင်းရာဇာ

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန်၊ အင်းစိန်ထောင်တွင် သက်ငယ်မုဒိန်းမှု၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့် ထောင်ဒဏ် ၂၅နှစ် အကျဉ်းကျခံနေရသည့် သရုပ်ဆောင်မင်းရာဇာသည် ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ရာတွင် ဦးဆောင်နေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။

“အရင်တုန်းကတည်းက ဦးစီးတန်းစီတို့၊ ထောင်ပိုင်တန်းစီတို့ဆို ထောင်အာဏာပိုင်တွေနဲ့လိုက်လာပြီး ဆရာကြီးပုံစံဖမ်းပြီး ထောင်အခေါ် မိုက်ရုပ်ပြတယ်ပေါ့ဗျာ။”ဟု အမည်မဖော်လိုသည့် အကျဉ်းသားဟောင်းတဦးက မဇ္ဈိမကိုပြောပြသည်။

လက်ရှိတွင် ထောင်အခေါ်မိန်းဂျေး(ထောင်အလယ်ဗဟို)၌ သရုပ်ဆောင်မင်းရာဇာနှင့် မိန်းဂျေးထဲက လူမိုက်များသည် နိုင်ငံရေးအကျဉ်းသားများကို ဝိုင်းနှိပ်စက်ကြသည်ဟု အင်းစိန်ထောင်အတွင်းမှ ထွက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။

မင်းရာဇာသည် ကလေးသူငယ်အပေါ်အပြုကျင့်သည့်မုဒိန်းမှု ပုဒ်မ ၃၇၆(၁)နှင့် ပြင်းထန်စွာနာကျင်စေမှုတို့ဖြင့် ၂၀၂၃ခုနှစ်တွင် ထောင်ဒဏ်စုစုပေါင်း ၂၅နှစ်ချမှတ်ခံထားရသူဖြစ်သည်။ ထောင်မကျမီအချုပ်သားဘဝကတည်းက အချုပ်ဖြင့်ရောက်ရှိလာသူများကို မင်းရာဇာက အကျဉ်းဦးစီးဝန်ထမ်းများနှင့်ထောင်တွင်းရှိလူမိုက်များပူးပေါင်းကာ ရိုက်နှက်နှိပ်စက်လေ့ရှိကြောင်း အာဏာသိမ်းခါစ အစောပိုင်းက အကျဉ်းထောင်ကိုရောက်ရှိခဲ့သူတဦးကမဇ္ဈိမကို ပြောပြသည်။

“ကူလီတုတ်ဆိုတာရှိတယ်၊ ကြိမ်လုံးအကြီးစားပေါ့၊ အဲ့လိုတွေနဲ့ရိုက်တာခံရတဲ့သူတွေ ရှိတယ် ကျနော်တော့မခံဖူးဘူး။ သူတို့ဆို အညိုမည်းစွဲတာ ကြောက်စရာတောင်ကောင်းတယ်”ဟု အထက်ပါသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဒီမိုကရေစီလှုပ်ရှားမှုများကြောင့် အကျဉ်းထောင်အသီးသီး၌ ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတိုင်းနီးပါးသည် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်နှိပ်စက်မှုများကို ခံနေရသည်။

ထောင်တွင်းပုံစံထိုင်သည့်ကိစ္စနှင့် အခြားဆက်ဆံရေးကိစ္စများတွင် အကျဉ်းထောင်ဝန်ထမ်းများ၏ စိတ်မကျေနပ်ခြင်း၊ မင်းရာဇာတို့ကဲ့သို့သော လူမိုက်များ၏ စိတ်ဘဝင်မကျခြင်းများကြောင့် အကြောင်းအမျိုးမျိုးဖြင့် နှိပ်စက်ခံရတတ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းအများစုကပြောသည်။

မင်းရာဇနှင့် လူမိုက်များသည် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်နှိပ်စက်သည်ကို အမျိုးသမီးထောင်ဘက်မှ လည်းကြားသိရကြောင်းနိုင်ငံရေးအကျဉ်းသူဟောင်းများက ပြောပြသည်။

ထောင်မှလွတ်မြောက်လာသည့် မဇူးဇူးမေက ” အစ်မတို့ အင်းစိန်ထောင်မှာရှိထဲက သူကနိုင်ငံရေးအကျဉ်းသားတွေကို အာဏာပိုင်တွေက အခြားအမှုတွေနဲ့ပေါင်းပြီး နှိပ်စက်တဲ့အခါမှာ သူကပါဝင်တယ်။ သူက အဲဒီမှာဂိုဏ်းချုပ်ကြီးဖြစ်နေတယ်” ဟုပြောသည်။

အကျဉ်းထောင်လက်စွဲဥပဒေတွင်မူ အကျဉ်းသားများကို ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဥ်းပန်းခြင်းမပြုရန် ပြဋ္ဌာန်းထားသည်။

သို့သော် အကျဉ်းထောင်အတွင်း အကျဉ်းသားအခွင့်ရေးနှင့်ပတ်သက်ပြီးတောင်းဆိုပိုင်ခွင့်အပေါ် ဝါရင့်ရှေ့နေတဦးလည်းဖြစ် နိုင်ငံရေးအကျဉ်း သား တဦးလည်းဖြစ်သည့် ဦးကြီးမြင့်က” တိုင်လည်းပဲ ထောင်ထဲမှာတိုင်ရင် ဘာမှအရာမရောက်ပါဘူး၊ ဒါကြောင့်မို့ စစ်အစိုးရကို ဖြုတ်ချဖို့ကြိုးစားနေတာ တိုင်လည်းပဲ ဥပဒေဘယ်လောက်ရှိရှိ မရပါဘူး။” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်သားများအပါအဝင် အကျဉ်းသားအားလုံးသည် ပုံစံမျိုးမျိုးဖြင့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည်ဟု လေ့လာစောင့်ကြည့်သူတွေကပြောဆိုပြီး အဆိုပါပြဿနာများလျော့ပါးစေရေးအတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့အနေဖြင့် ဝင်ရောက်နိုင်မှသာမျှော်လင့်ချက်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)