ဥရောပ ပေါ်ပြူလစ်ဝါဒီများက ပူတင်ကို ထောက်ခံပြီး ယူကရိန်းဆန့်ကျင်သော ရပ်တည်ချက်များ စတင်ထုတ်ဖော်

၂၀၂၃ ၊ မေ ၁၄ ရက်က ဂျာမနီနိုင်ငံအနောက်ပိုင်းတွင် ဆန္ဒထုတ်ဖော်နေသည့် ရုရှားအလံကိုင်ထားသည့် ရုရှားလိုလားသော ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

The Conversation

မကြာသေးခင်က ဥရောပပါလီမန် ရွေးကောက်ပွဲ၌ လက်ယာစွန်းအုပ်စုတို့ အနိုင်ရမှုများခဲ့ခြင်းကြောင့် ကြီးကြီးမားမား အောင်နိုင်ခဲ့သူတဦးက ရုရှားသမ္မတ ဗလာဒီမာ ပူတင် ဖြစ်ပုံရသည်။

ရုရှားအစိုးရသည် ယခင်ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်းများအပေါ် ထိန်းချုပ်မှုကို အသုံးချရုံမျှဖြင့် ကျေနပ်အားရခြင်း မရှိဘဲ လက်ရှိတွင် ဥရောပ၏ ကျန်အပိုင်းနေရာများအနှံ့ ယင်းအပေါ် ထောက်ခံမှုတို့ကို တိုးမြှင့်စေလျက် ရှိသည်။ ရုရှားလိုလားသော ရပ်တည်မှု၏ သိသာထင်ရှားသော အမှတ်သညာတခုမှာ လက်ယာစွန်း Alternative for Deutschland ပါတီ (AfD) နှင့် ပေါ်ပြူလစ် Bundnis Sahra Wagenknecht ပါတီတို့က ဇွန်လ ၁၁ ရက် ဂျာမနီအမျိုးသားလွှတ်တော်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ မိန့်ခွန်းပြောကြားမှု အစီအစဉ်သို့ တက်ရောက်ရန် ငြင်းဆန်ခြင်းပင် ဖြစ်သည်။ ထိုနှစ်ပါတီစလုံးသည် ယူကရိန်းအတွက် စစ်ဖက်ဆိုင်ရာ ထောက်ပံ့မှုကို ဆန့်ကျင်ကြသည်။

ယူကရိန်းခေါင်းဆောင်အနေဖြင့် ၎င်းတို့၏ နယ်မြေပိုင်နက် ဆုံးရှုံးရသည် ဆိုလျင်တောင်မှ လူသေဆုံးမှုများ ရပ်တန့်စေရေးအလို့ငှာ စေ့စပ်ဆွေးနွေးညှိနှိုင်းရန် လိုသည်ဟု AfD က ပြောသည်။ အဆိုပါ သဘောထားမှတ်ချက်တို့က စစ်ပွဲအပေါ် ပူတင်၏ ရပ်တည်ချက်ကို ထင်ဟပ်သည်။ AfD သည် မဲရလဒ် ၁၆ ရာခိုင်နှုန်း အနိုင်ရပြီး အိုလက်ဖ် ရှို့လ်ဇ်၏ Social Democrats ပါတီကို ကျော်ကာ ဂျာမနီတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲနောက်ပိုင်း လက်ယာစွန်း အုပ်စုနှစ်စုဖြစ်သည့် ဥရောပ ကွန်ဆာဗေးတစ်များနှင့် ပြုပြင်ပြောင်းလဲရေးဝါဒီများ အုပ်စုနှင့် ကိုယ်ပိုင်လက္ခဏာနှင့် ဒီမိုကရေစီ အုပ်စုတို့သည် လွှတ်တော်၌ နေရာ ၇၂၀ အနက် လက်ရှိတွင် ၁၃၁ နေရာကို ထိန်းချုပ်ထားသည်။ AfD တွင် နောက်ထပ် ကိုယ်စားလှယ် ၁၅ နေရာ ရှိသည်။ ယင်းသည် ဥရောပပါလီမန်တွင် လက်ယာစွန်း အာဏာအခြေခံကို သိသာထင်ရှားစွာ ထပ်ပေါင်းစေပြီး ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ဥရောပ၏ ရပ်တည်ချက်အပေါ် ပိုမိုဩဇာသက်ရောက်မှုကို ရှိစေလိမ့်မည် ဖြစ်သည်။

ဂျာမန် လက်ယာစွန်း ပါတီများ ပူတင်နှင့် အလွန်နီးကပ်လွန်းခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှု များကြောင့် ဧပြီလတွင် ဥရောပ ပါလီမန် ဆုံးဖြတ်ချက်တရပ်ကို ထွက်ပေါ်စေခဲ့ပြီး ထိုဆုံးဖြတ်ချက်အရ AfD အနေဖြင့် အထူးသဖြင့် ရုရှားနှင့်အကြား ယင်း၏ ဘဏ္ဍာရေး ဆက်နွယ်ပတ်သက်မှုအားလုံးကို လူသိရှင်ကြား ထုတ်ဖော်ကြေညာရလိမ့်မည်ဟု ဖော်ပြသည်။

ဖက်ဆစ်ဝါဒီ ဆန့်ကျင်သည် ဆိုသော ရုရှားအစိုးရနှင့် ဥရောပရှိ ဖက်ဆစ်လက်ယာစွန်း ပါတီများအကြား မဟာမိတ်ပြုမှုက ပြီးပြည့်စုံသော အတွဲအဖက်တခု ဖြစ်လိမ့်မည် မဟုတ်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် ရုရှားသည် ယင်းကို ထောက်ခံသူဖြစ်စေ၊ မထောက်ခံသူဖြစ်စေ၊ အစွန်းရောက်ဝါဒီများကို လှုံ့ဆော်၊ အားပေး၊ ငွေကြေးပံ့ပိုးသည်။ အကြောင်းမှာ ၎င်းတို့က အခြားနိုင်ငံများကို နှောင့်ယှက် (ပွဲဖျက်) နိုင်ခြင်းကြောင့် ဖြစ်သည်။

ပူတင်သည် လက်ယာစွန်း အုပ်စုအဖွဲ့များ၏ လုပ်ငန်းစဉ်များအပေါ် ကျွမ်းကျင်ပါးနပ်စွာဖြင့် ဩဇာလွှမ်းမိုး၊ စိမ့်ဝင်ထားခဲ့ပြီး တချိန်တည်းမှာပင် ဥရောပ၌ ကျယ်ပြန့်သော ထောက်လှမ်းရေး (စပိုင်) ကွန်ရက်တခုကို တည်ဆောက်သည်။ တရားဝင် သတင်းရင်းမြစ်များအဖြစ် ပုံဖျက်အယောင်ဆောင်ထားသည့် ဝါဒဖြန့်ချိမှု လုပ်ဆောင်ချက်များကလည်း ဇဝေဇဝါဖြစ်စေသည့်၊ သဘောထားကွဲစေသည့် သတင်းအချက်အလက်တို့ကို ဖြန့်ဝေထုတ်ဖော်ခဲ့ပြီး ဥပမာအားဖြင့် ရုရှား စွမ်းအင် ထုတ်ကုန်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် နေထိုင်မှုစရိတ် အကျပ်အတည်းကို စေ့ဆော်တွန်းအားပေးနေသည်ဆိုသည့် ပြောဆိုချက်ကဲ့သို့ ရုရှားအစိုးရ လိုလားသော ဇာတ်ကြောင်းများကို အားပေးသည့် သတင်းအချက်အလက်များ ဖြစ်သည်။

ရုရှားအပေါ် စာနာထောက်ထားမှုရှိသူများက ဂျာမနီ၏ လက်ယာစွန်းတို့တင် မကဘဲ ဆလိုဗက်ကီးယား၏ နီယိုဖက်ဆစ် Republika ၊ ဟန်ဂေရီ၏ Fidesz ပါတီ၊ ရိုမေးနီးယား၏ ရိုမေးနီးယား ပြည်ထောင်စု မဟာမိတ် ပါတီ၊ ဘူလ်ဂေးရီးယား၏ Revival ပါတီနှင့် ပြင်သစ်၏ Rassembement National ပါတီ အပါအဝင် အခြား ဥရောပနိုင်ငံအများအပြားရှိ လက်ယာစွန်း ပါတီများလည်း ရှိနေသည်။ အဆိုပါ ပါတီအားလုံးသည် မကြာသေးခင်က ဥရောပပါလီမန် ရွေးကောက်ပွဲများ၌ ရလဒ်ကောင်းတို့ ရခဲ့ပြီး ဟန်ဂေရီ၏ ဗစ်တာ အော်ဘန် ကဲ့သို့ ပါတီ ခေါင်းဆောင် အများအပြားသည် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြသူများဖြစ်သည်။

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် ဆန့်ကျင်မှုတို့ တိုးလာခြင်းအပြင် လက်ယာစွန်း MEP (ဥရောပပါလီမန်အမတ်) များသည် ရုရှားလိုလားသည့် မဲပေးမှု မှတ်တမ်းတခုကိုလည်း ပြသထားသည်။ ဥရောပပါလီမန်ရှိ လက်ယာစွန်း နိုင်ငံရေးသမား အများအပြားသည် ပူတင် သို့မဟုတ် ရုရှားကို ပြစ်ဒဏ်ပေးရန် သို့မဟုတ် ဝေဖန်ရန် ရည်ရွယ်သည့် မူဝါဒများနှင့်ပတ်သက်ပြီး မဲပေးရန် ငြင်းဆန်ထားကြသည်။

ယင်းတွင် ရုရှားရှိ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ဗလာဒီမာ ကာရာ မာဇာနှင့် အလက်ဇီ နာဗယ်လ်နီတို့ အကျဉ်းချခံရမှု၊ ရုရှားအစိုးရ၏ အကြမ်းဖက်မှုဆိုင်ရာ ထောက်ခံမှု တို့အပေါ် မည်သို့ တုံ့ပြန်မည်လဲ ဆိုသည်နှင့်ပတ်သက်သည့် သဘောထားများ ပါဝင်သည်။ တောင်ကော့ကေးဆပ်ရှိ မိတ်ဖက်နိုင်ငံများနှင့် အီးယူအကြား နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှု အားကောင်းစေရန် ရည်ရွယ်သော အရှေ့ဘက် မိတ်ဖက်ပူးပေါင်းမှု အစီအစဉ်၌ လုံခြုံရေး ကိစ္စတခုလည်း ရှိသည်။

ဥရောပ လက်ယာစွန်းအုပ်စုပါတီများအပေါ် အသုံးချခြင်းက ပူတင်အတွက် များပြားသည့် အကျိုးတရားများကို ရရှိစေသည်။ ထိုပါတီများသည် အထူးသဖြင့် ပိုမို တင်းကျပ်သည့် လူဝင်မှု ဥပဒေများ သို့မဟုတ် LGBTQ+ အခွင့်အရေးများအပေါ် ဖြတ်တောက်ပိတ်ပင်ခြင်း ကဲ့သို့ ရှေးရိုးစွဲ မူဝါဒများ ပြဋ္ဌာန်းမှုအပေါ် အတားအဆီးများအဖြစ် ရှုမြင်ပါက ဒီမိုကရေစီ အင်စတီကျူးရှင်းများကို ထိန်းသိမ်းရေးအပေါ် ကတိမပြုဘဲ ရှိနေလေ့ ရှိသည်။

သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုနှင့် တက်ကြွအားမာန်ပြည့်သော အရပ်ဖက်အဖွဲ့အစည်းတို့က ပူတင်၏ အာဏာချုပ်ကိုင်မှုအပေါ် အဓိက ခြိမ်းခြောက်မှုများ ဖြစ်စေသည်။ သို့သော် ရုရှားသည် အဆိုပါ အခွင့်အရေးများကို တိုက်စားမည့် မူဝါဒများနှင့် ဥပဒေများပါဝင်သည့် ပုံစံတခုကို ထုတ်ဖော်သည်။ ယင်းတို့တွင် NGO များနှင့် လွတ်လပ်သော သတင်းမီဒီယာများအတွက် ငွေကြေးထောက်ပံ့ခြင်းကို ကန့်သတ်သည့် ပြည်ပအေးဂျင့် ဥပဒေများ ပါဝင်ပြီး ယင်းဥပဒေတို့ကို ရုရှား၊ ဟန်ဂေရီနှင့် များမကြာမီက ဂျော်ဂျီယာတို့တွင် အတည်ပြုထားသည်။

ကမ္ဘာကြီးက ပိုမို၍ အာဏာရှင်ဆန်လာလေ၊ ရုရှားနိုင်ငံအတွင်းရှိ ဒီမိုကရေစီ အသံများကို အခြားနိုင်ငံများ ထောက်ခံလိမ့်မည် ဆိုသည်က ပို၍ ဖြစ်နိုင်ခြေ နည်းလာလေပင် ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံများကပင် ပူတင်အတွက် ပြဿနာများဖြစ်စေရုံတင်မကဘဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအပေါ် အခြေခံသည့် လုပ်ငန်းစဉ်တရပ်ကို ထောက်ခံအားပေးသည့် အီးယူကဲ့သို့ အင်စတီကျူးရှင်များသည်လည်း ပူတင်အတွက် ပြဿနာဖြစ်စေသည်။ ပူတင်ဘက်ကလည်း စည်းလုံးညီညွတ်မှု ရှိသော အီးယူအုပ်စုနှင့် မော်စကို၏ illiberal အမြင်အပေါ် ၎င်းတို့၏ ဆန့်ကျင်မှုကို ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်သည်။ ယင်းအတွက်ကြောင့် ပူတင်သည် အီးယူအတွင်း ဒီမိုကရက်တစ် လုပ်ငန်း အစီအစဉ်များကို အားနည်းစေရင်း အနောက်အုပ်စုကို ဖျက်ဆီးရန် ကြိုးပမ်းသည်။

ပူတင်သည် ဥရောပ၏ အမျိုးသား နိုင်ငံရေးမြင်ကွင်းများ၌ သူဖန်တီးသော ဖရိုဖရဲဖြစ်ခြင်းများမှလည်း အကျိုးရရှိသည်။ ယင်းက လက်ရှိတွင် ရုရှား၏ ရည်ရွယ်ချက်များအတွက် နောက်ထပ် အဓိက အတားအဆီးဖြစ်သလို ယူကရိန်းထံ စစ်လက်နက် ထောက်ပံ့မှု တိုးမြှင့်ရန် အာဏာရှိသည့် နေတိုးအုပ်စုအတွက် စည်းလုံးညီညွတ်မှုနည်းစေရေးထံ ဦးတည်စေနိုင်သည်။