မြင်းခြံမြို့နယ် ပျားရွာကို စစ်ကောင်စီတပ်က တတိယအကြိမ် မီးရှို့

ပျားကျေးရွာမှ စစ်ဘေးရှောင်များအားတွေ့ရစဉ်(ဓာတ်ပုံ-ပေးပို့)

လွှမ်းမိုး

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပျားရွာကို စစ်ကောင်စီတပ် က အင်အား ၁၀၀ ကျော်ဖြင့် ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရ သည်။

“စစ်ကြောင်းဝင်လာတော့ ရွာကလူတွေအကုန် စစ်ရှောင်နေရတယ်။ အိမ်တွေ မီးလောင်နေတာကို အဝေး ကနေပဲလှမ်းကြည့်နေရတာ။ ဒီတကြိမ်တော့ အကုန်ပြောင်မယ့်သဘောရှိတယ်”ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့်ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီတပ်က ပျားရွာကို သုံးကြိမ်မြောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့ခံရမှုတွင် အိမ်ခြေ ၅၄ လုံး၊ ဒုတိယအကြိမ်တွင် ၆၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ယခုတတိယအကြိမ် မီးရှို့မှုတွင် အိမ်ခြေအရေ အတွက် မသိရသေးပေ။

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ပျားရွာ၊ ခံစပ်ကုန်း၊ ဘူးကိုင်းနှင့် ကြာကန်ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော်စစ်ရှောင်နေရပြီး စစ်ရှောင်ရက်ကြာမြှင့်လာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း သိရသည်။

“တောထဲမှာ မိုးကာတဲလေးတွေနဲ့ စစ်ရှောင်ရတာပါ။ လူဦးရေကများတော့ မိုးကာလည်း မလုံလောက် ဘူး။ စစ်ရှောင်ရတာ တပတ်လောက်ရှိနေပြီဆိုတော့ စားရေးသောက်ရေးလည်း အခက်အခဲ ဖြစ်နေတယ်” ဟု အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတဦးက ဆိုသည်။

မြင်းခြံမြို့နယ် အရှေ့တောင်ခြမ်းရှိ ပျားရွာသည် အိမ်ခြေ ၁,၀၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး စိုက်ပျိုးရေး ကို အဓိကထားလုပ်ကိုင်ကာ သီးနှံစိုက်ပျိုးချိန်၌ စစ်ရှောင်နေရခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ