စစ်​တွေမြို့ မင်းဂံရပ်ကွက်တွင် က​လေးများအပါအဝင် ဒေသခံ ၂၀၀ နီးပါးစစ်​ကောင်စီတပ်ဖမ်းဆီး

ပုံအညွှန်း- AFP (စစ်​တွေမြို့ရှိ စစ်​ကော်စီတပ်ဖွဲ့-ပုံအ​ဟောင်း

ဓါတု

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် မင်းဂံရပ်ကွက်တွင် ကလေးသူငယ်များအပါအဝင် ဒေသခံပြည်သူ ၂၀၀ နီးပါးကို စစ်​ကောင်စီတပ်ကဖမ်းဆီး​​​ခေါ်​ဆောင်သွား​ကြောင်း ​ဒေသခံများထံသိရသည်။

မင်းဂံကယ်ဆယ်​ရေးစခန်းအပါအဝင် ရပ်ကွက် (၉) နှင့် (၁၀)တွင်​နေထိုင်​​သော​​ ဒေသခံများအား ယမန်​နေ့(ဇွန်လ ၁၅ ရက်)ည ၁၁ နာရီဝန်းကျင်တွင် ဧည့်စာရင်းစစ်​ဆေးသည့်အသွင်ယူကာ ဖမ်းဆီးခြင်းဖြစ်​ကြောင်း ​ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကို​ပြောသည်။

” မ​နေ့က ညတွင်းကြီး စစ်​ကား သုံးစီးနဲ့​ရောက်လာတာ၊ ၁၀၀ ​ကျော် ၂၀၀ နီးပါးဖမ်းသွားတယ်။ က​လေး​တွေလည်းပါတယ်။ ဧည့်စာရင်း ဝင်စစ်တဲ့ပုံစံဖမ်းတာ၊ ရပ်ကွက်က​တော့ နှစ်ရပ်ကွက်က သူ​တွေကို ဖမ်းတာ၊ ကျန်တာက ကယ်ဆယ်​​ရေးစခန်းရော တခြားရွာ​တွေက ​​ဆွေမျိုးတွေဆီမှာ သွား​နေတဲ့သူ​တွေ၊ ချမ်းပြင်၊ အောင်တိုင်ဘက်က ဝင်လာတဲ့သူ​တွေ၊ လူ​​နေရပ်ကွက်ကသူ​တွေ​လည်းပါတယ်၊ တခါထဲကား​ပေါ်တင်သွားတာ။ ” ဟု ၎င်းက​ပြောသည်။

ဖမ်းဆီးခံရသူများအနက် အချို့မှာ လွန်ခဲ့သည့် ရက်သတ္တပတ်က စစ်​ကောင်စီတပ်က မင်းဂံနှင့်အနီးတဝိုက်ရှိ ရေချမ်းပြင်၊ အောင်တိုင်၊ ပလ္လင်ပြင်နဲ့ စသည့်​ကျေးရွာများမှ အရပ်သားများကို မင်းဂံရပ်ကွက်​ပေါ်သို့ ပြောင်းရွှေ့ခိုင်းထားသူများလည်း ပါဝင်​ကြောင်းသိရသည်။

​”သူတို့ကို အခုဘယ်မှာထားထားလဲမသိဘူး၊ ဒီ​နေ့လည်း ထပ်ဖမ်းမယ်​လည်း​ပြောတယ်။ ကျန်တဲ့ရပ်ကွက်ကသူ​တွေက​တော့ ပြေးတဲ့သူလည်း​ပြေးမှာ​ပေါ့၊ ​ပြေးစရာမှမရှိတာ အိမ်မှာပဲ​နေ​နေရတယ်” ဟု မင်းဂံရပ်ကွက်တွင်​နေထိုင်သူ တဦးက​ပြောသည်။

မင်းဂံရပ်ကွက်သည် ရပ်ကွက်​ပေါင်း ၁၈ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီးစစ်​​​တွေမြို့၏အနောက်ဘက်ရှိ အ​ဝေး​ပြေးကားဂိတ်နားတွင် တည်ရှိသည်။ စစ်​​တွေမြို့မှ ဆိုင်ကယ်ဖြင့်သွားလျှင် မိနစ် ၂၀ ​အကွာအ​ဝေးရှိသည်။

ယင်းဖြစ်စဉ်နှင့်အလားတူ ​မေလ ၂၉ ရက်ကလည်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၁၀၀ ​ကျော်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးသွားသူများအနက် က​လေးသူငယ်နှင့် အမျိူးသမီးများပါဝင်ပြီး ၎င်းတို့ကို ​မေလ ၃၁ ရက်တွင်လွှတ်​ပေးလိုက်​သော်လည်း အမျိုးသားများကိုမူ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်သည်။

အဆိုပါ ၁၀၀ ​ကျော်အနက် အချို့မှာ​ညှဉ်းပန်းနှိပ်စက်မှု​ကြောင့် သေဆုံးသွားပြီး အချို့ကို အာရက္ခတပ်​တော်(AA)နှင့်နီးစပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်​တွေမြို့​ပေါ်တွင် ရုံးထုတ်စစ်​ဆေးနေပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ထား​ကြောင်း ဗျိုင်းဖြူ​ကျေးရွာ​ဒေသခံထံက သိရသည်။

ဗျိုင်းဖြူ​ကျေးရွာတွင် စစ်​ကောင်စီ၏သတ်ဖြတ်ခြင်းကိုခံရသည့်အရပ်သား စုစု​ပေါင်း ၅၀ ကျော်ရှိ​ကြောင်း အာရက္ခတပ်​တော်(AA)ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ရှိ ​မောင်​တော၊ သံတွဲ၊​ တောင်ကုတ်၊ အမ်းမြို့နယ်တို့တွင်နှစ်ဘက်တိုက်ပွဲများ ပြင်းထန်​နေပြီး စစ်​ကောင်စီတပ်အ​နေဖြင့် တိုက်ပွဲမရှိသည့် ​ဒေသမှအရပ်သားပြည်သူများကို နိုင်ထက်စီးနင်း အကြမ်းဖက်ရိုက်နှက်ခြင်း၊ ဖမ်းဆီး​ခေါ်​ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)