မြင်းခြံမြို့ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ်စီးနင်းတိုက်ခိုက်၊ ပြည်သူ ၄ ဦးသေဆုံး

ပုံအညွှန်း -- စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်နေသည့် ရဲဘော်တဦးကို တွေ့ ရစဉ်

ပုံအညွှန်း — စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်နေသည့် ရဲဘော်တဦးကို တွေ့ ရစဉ်

MTO

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ရွာရှည်ကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်ဆက် စီးနင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ လေးဦး သေဆုံးခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၂၀၀ ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့များတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောသည်။

“ ဒီကောင်တွေက ကြည်း၊ ရေ၊ လေ အကုန်သုံးတာ၊ သင်္ဘောကလည်းတောင်ဘက်ကို ဆန်ပြီး ပစ်တယ် ။ နောက်ပြီး ဒရုန်းတွေနဲ့လည်း ဗုံးတွေချတယ်၊ သူတို့ဘက်က ဝေဟင် စစ်ဆင်ရေးကို ကျတော်တို့ဘက်က မနိုင်ဘူး ၊ ဒရုန်းကို ဖျက်မယ့် Jammer လည်းမရှိဘူး၊ ကျတော်တို့ ခဲယမ်းက လည်း နည်းလာတဲ့အနေအထားမှာ ကျတော်တို့ ဆုတ်ပေးလိုက်ရတာ “ ဟုပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ သည် ကျေးရွာအတွင်းရှိ နေအိမ်များကို တလုံးမကျန် မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

“ ရွာက အိမ်ခြေ ၃၀၀ လောက် ရှိတယ်၊ တရွာလုံးကို ရှို့ သွားတာ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းပဲ ကျန်တယ် ” ဟု ဒေသခံတဦးက ပြောသည်။

ရွာရှည်ကျေးရွာမှ ဒေသခံပြည်သူများသည် မေလ ၉ ရက်နေ့က မြင်းခြံ မြို့နယ် ဆုံရွာတွင်ရှိသည့် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစခန်း တခုကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာသည့်တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံကြိုဆိုခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် ရွာကို တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။

ယနေ့( မေလ ၁၆ ရက် )မနက်ပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ခန့် ရွာရှည်ကျေးရွာအတွင်းရှိနေပြီး ကျေးရွာအတွင်း၌ နင်းမိုင်းများ ထောင်နေကြောင်း ဗိုလ်မိုက်ခဲ က ဆိုသည်။

ရွာရှည်ဒေသခံများသည် တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီးနောက် ယခုအခါ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အတွက် နေရေးထိုင်ရေးနှင့် စားရေးသောက်ရေး အကူအညီများ လိုအပ်နေကြောင်း ဒေသခံတဦးက ပြောသည်။

၎င်းက “ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတာ အခုတော့ နေစရာလည်းမရှိတော့ဘူး၊ နေထိုင်ရေး နဲ့ စားသောက်ရေးအတွက် အကူအညီတွေလိုအပ်နေပါတယ်” ဟု ပြောသည်။

မေလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့တွင်လည်း ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း Myingyan Black Tiger အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)