မန္တလေးအိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် ထောင်ပြောင်းခံရ

အိုးဘိုထောင် (ပုံဟောင်း)

YT

(မဇ္ဈိမ)။ ။မန္တလေးမြို့၊ အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးနှင့် အခြားအကျဉ်းသား သုံးဦး စုစု ပေါင်း ၇၆ ဦးကို ထောင်ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁၅ ရက်) နံနက်အစောပိုင်းတွင် အိုးဘိုထောင်မှ အကျဉ်းသား ၇၆ ဦးကို နှစ်ဦးတတွဲစီ ခြေချင်းခတ်၍ မကွေးထောင်နှင့် မြင်းခြံထောင်တို့သို့ ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။

PPNM က ဇွန်လ ၇ ရက်နေ့တွင် အိုးဘိုထောင်အတွင်း အကျဉ်းသားဦးရေ ပုံမှန်ထက်နှစ်ဆနီးပါး စုပြုံထား မှုနှင့် ထောင်ဝတ်စုံများမလုံလောက်မှု၊ မှားယွင်းဝတ်ဆင်မိမှုတို့ကြောင့် အကျဉ်းသားများ အရေပြားရောဂါ ကူးစက်ခံစားနေရကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်တွင် အိုးဘိုထောင်၌ ထောင်ဝန်ထမ်းအချို့အပြောင်းအလဲရှိခဲ့ ပြီး ယခုထောင်ပြောင်းရွှေ့ခြင်းသည်လည်း အဆိုပါထုတ်ပြန်ချက်၏ နောက်ဆက်တွဲအခြေအနေတခုဖြစ် နိုင်ကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။

“လူဦးရေများပြားလာလို့ လူဦးရေလျှော့တယ်လို့ပြောပေမယ့် ပို့လိုက်တဲ့သူတွေက အကျဉ်းထောင်ထဲမှာ တက်ကြွလှုပ်ရှားသူတွေဖြစ်နေတာတွေ့ရပါတယ်၊ ဘယ်သူတွေပါသွားလဲဆိုတာမသိရပေမယ့် ကျွန်တော် တို့ရထားတဲ့အတွင်းသတင်းအရဆိုရင် အကျဉ်းထောင်ထဲမှာ Campaign လုပ်တဲ့ထဲ ပါဝင်ဖူးတဲ့သူတွေ လည်း ပါသွားတယ်လို့ သိရပါတယ်”ဟု ဆိုသည်။

အလားတူ ယမန်နေ့ကလည်း ကျိုက်မရောထောင်တွင် အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နှင့် မခက်ခက်လွင် အပါအဝင် နိုင်ငံရေးအကျဉ်း သူ ၆၀၊ နိုင်ငံရေး အကျဉ်းသား ၁၀၀ ဝန်းကျင်၊ စုစုပေါင်း ၁၆၀ ခန့်ကို နာမည်စာရင်းခေါ်ယူ၍ သာယာဝတီထောင်နှင့် ဒိုက်ဦး အကျဉ်းထောင်သို့ ပြောင်းရွှေ့သွားကြောင်း PPNM က သတင်းထုတ်ပြန်သည်။

အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အကျဉ်းသားများကို ထောင်ပြောင်းရွှေ့ရသည့် အခြေအနေ သုံးရပ်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

“ထောင်တွေမှာ အကျဉ်းသားတွေများလို့ ထောင်ပြောင်းတာရယ်၊ ခုက စစ်အာဏာရှင်ခေတ်ဆိုတော့ သူတို့ လုပ်ချင်တာလုပ်တာပေါ့၊ နိုင်ကျဉ်းတွေ ဒုက္ခရောက်အောင် တမင်ပြောင်းပစ်တာ။ ရန်ကုန်ကလူဆို မြစ်ကြီးနားထောင်၊ မြိတ်ထောင်၊ သရက်ထောင်၊ မိတ္ထီလာထောင် အစရှိသဖြင့်ပေါ့ အဝေးဆုံးကို ပြောင်း ပစ်တာ။ နောက်တခုက အရေးပေါ်ထောင်ပြောင်းတာပေါ့၊ ပြဿနာဖြစ်နိုင်ခြေရှိတဲ့ အကျဉ်းသားတွေကို ကြိုတင်လူစုခွဲ မဲဇာပို့ပစ်တာပေါ့။ နောက်တခုက ပြဿနာဖြစ်လို့ဆိုပြီး ရိုက်နှက်ခြေချင်းခတ် လူစုခွဲ ထောင် ပြောင်းတာပေါ့” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း၌ စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်မှုနှင့်စပ်လျဉ်း၍ ပြည်သူ ၂၀,၅၉၇ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ကာ အဆိုပါအရေအတွက်အနက် ၉,၂၀၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ