နတ်မောက်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

နတ်မောက် (ပကဖ)

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရမှု မကွေးတိုင်း၊ နတ်မောက်မြို့နယ် န-ဖုန်ကုန်းရွာ၌ ဧပြီလ ၁၇ရက်နေ့ ညနေ ၄ နာရီကျော်တွင် ဖြစ်ပွားခဲ့သည်။

န-ဖုန်ကုန်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး န-ဖုန်ကုန်းကျေးရွာရှိ ၎င်း၏နေအိမ်အနီး ပစ်ခတ်မှုတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“န-ဖုန်ကုန်းရွာကိုသွားပြီး အုပ်ကြီးကိုလိုရှာနေကြတာ၊ အဲ့မှာ အုပ်ကြီးက သေနတ်နဲ့အရင် စပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတော့ သူက ပွဲချင်းပြီး သေသွားတာပါ” ဟု တော်လှန်ရေးပူးပေါင်းတပ်ဖြစ်သည့် နတ်မောက် ပကဖ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

နတ်မောက် ပကဖ၊ ဗိဿနိုးလက်အောက်ခံ(ကျားသစ်နက်တပ်ဖွဲ့၊ ကြိုးကြာနီတပ်ဖွဲ့၊ မြို့သစ် ပကဖ၊ ငါးပြေမပြောက်ကြားတပ်ဖွဲ့၊ Aung San’s land၊ တပ်ရင်း(၉၀၂)တို့က ပူးပေါင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သေဆုံးသွားသည့် ဦးခင်မောင်အေး (အသက် ၆၀ နှစ်) သည် ဒေသတွင်း ပျူစောထီးခေါင်းဆောင်တဦးဖြစ်သည်ဟု တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ပျူစောထီးဆိုသူများမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသူများကို ဆိုလိုခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမှူး၏ နေအိမ်အတွင်းမှ ကာဘိုင်သေနတ်တလက်၊ ကာဘိုင်ကျည် ၁၉ တောင့်၊ ပစ္စတိုအတုတလက်၊ လက်ပစ်ဗုံးသုံးလုံး၊ ၉မမ လေးတောင့်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဝတ်စုံ ၁၁ စုံအပါအဝင် အခြားသောစစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရရှိကြောင်း နတ်မောက် ပကဖ တာဝန်ရှိသူက ပြောသည်။

“ဒီပစ္စည်းတွေရလာတာဟာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်ကလည်း စစ်မှုထမ်းရန် လူရှာပေးနေသော နတ်မောက်မြို့နယ်၊ လက္ခုပင်အုပ်ချုပ်ရေးမှူး ကိုဘိုထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်