တရုတ်က လုံခြုံရေးကို အလေးထားအာရုံစိုက်လာခြင်းဟာ ထိုင်ဝမ်ကို တိုက်ခိုက်တော့မည့် နိမိတ်လား

South China Morning Post:-

တရုတ်ပြည်မကြီးက လုံခြုံရေးအပေါ် အထူးအလေးထား အာရုံစိုက်လာခြင်း၊ ပြည်ပသူလျှိုဆန့်ကျင်ရေး “all of society” လှုပ်ရှားမှုကို လုပ်ဆောင်ခြင်း၊ စားနပ်ရိက္ခာနှင့် စွမ်းအင်များ သိုလှောင်ခြင်းတို့သည် ပြည်တွင်းစိုးရိမ်မှုများမှ မြစ်ဖျားခံလာခြင်း ဖြစ်နိုင်သော်လည်း နောက်ဆုံးတွင် ထိုင်ဝမ်ကို တိုက်ခိုက်တော့မည့် ရှေ့ပြေးနိမိတ်များအဖြစ် ပို၍ယူဆလာနိုင်ကြောင်း မျက်မြင်သက်သေများက အမေရိကန်ကွန်ဂရက်လွှတ်တော်ကော်မရှင်တခုသို့ ဇွန် ၁၃ ရက်တွင် ပြောကြားလိုက်သည်။ 

“ပဋိပက္ခအတွက် တရုတ်ရဲ့ပြင်ဆင်မှုတွေကို ဂဃနဏ သဘောပေါက်ဖို့နဲ့ တခုခုလုပ်ဖို့ ၎င်းတို့ ပြင်ဆင်နေချိန်မှာ တိတိပပ သိထားဖို့ အင်မတန် အရေးကြီးပါတယ်” ဟု သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်က နိုင်ငံတော်ထောက်လှမ်းရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူးဟောင်း လစ်ဖ်တန်ဆင်းစ်က ပြောကြားခဲ့သည်။ 

“မိမိတို့အနေနဲ့ စစ်ဖြစ်မှာကို မလိုလားပါဘူး၊ ဒါပေမဲ့ ငြိမ်းချမ်းရေးကိုဖျက်ဆီးဖို့ တရုတ်က ခြေသံလုံလုံနဲ့ မမျှမတ၊ မဆင်မခြင် လုပ်ဆောင်လာမယ်ဆိုရင် မိမိတို့က အနိုင်ရအောင် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်” ဟု အဆိုပါကြားနာပွဲကိုကျင်းပခဲ့သည့် အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဆင်းစ်က ပြောကြားခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း တင်းမာမှုများ မြင့်တက်လာပြီး အမေရိကန်က တရုတ်၏ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်များအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိကာ အဆင့်မြင့် အမေရိကန် တပိုင်းလျှပ်ကူးပို့ကုန်များကို တရုတ်က စစ်ရေးရည်ရွယ်ချက်များအတွက် ပြောင်းလဲအသုံးပြုမှု မြင့်တက်လာခြင်းအပေါ် အမေရိကန်က စိုးရိမ်လာပြီးနောက် အဆိုပါ ကြားနာပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ 

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ထားကာ လိုအပ်လျှင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းရမည်ဟု ရှုမြင်ထားသည်။ အမေရိကန်သည် အခြားနိုင်ငံများနည်းတူ ထိုင်ဝမ်ကို လွတ်လပ်သည်ဟု အသိအမှတ်ပြုမထားသော်လည်း ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိအခြေအနေအား ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ပြီး ထိုင်ဝမ်သို့ လက်နက်များ ထောက်ပံ့ရန် ဆုံးဖြတ်ထားသည်။ 

တရုတ်အစိုးရက ပြည်တွင်းတွင် ကြိုးစားရုန်းကန်ရန်နှင့် ပြည်ပအင်အားစုများအပေါ် သတိထားရန် သတင်းစကားပါးနေခြင်းသည် ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်အား အရိပ်အမြွက်ပြသည်ဆိုခြင်းထက် အိမ်၊ ခြံ၊ မြေ ကဏ္ဍပြိုလဲမှုနှင့် ကာလရှည် အလုပ်လက်မဲ့ပြဿနာများ အပါအဝင် တရုတ်စီးပွားရေး အကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းတင်းမာမှုများကို လျှော့ချရန် ရည်ရွယ်ခြင်းမှာ ပို၍ဖြစ်နိုင်သည်။ 

သို့သော် စစ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အနာဂတ် အလားအလာများတွင် ထိုင်ဝမ်ဒေသခံများကို နှင်ထုတ်ခြင်း၊ နောင်တွင်ကြုံလာရမည့် ပိုမိုခက်ခဲသော အခြေအနေများနှင့်ပတ်သက်၍ သတိပေးသည့် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးမှုများကဲ့သို့သော အပြောင်းအလဲများ ပါဝင်နိုင်သည်။ 

အခြားရှေ့ပြေးနိမိတ်များတွင် အရေးကြီး စားနပ်ရိက္ခာများ၊ စွမ်းအင်နှင့် မဟာဗျူဟာမြောက် သတ္တုများကို သိုလှောင်မှုများ အလျင်အမြန် ဆောင်ရွက်ခြင်း၊ အထူးသဖြင့် ဖုကျင့်၊ ကွမ်တုံနှင့်အခြားထိုင်ဝမ်အနီးတဝိုက်မှ နေရာများတွင် ရှေးဦးသူနာပြုစုခြင်း၊ ခိုလှုံရာနေရာများနှင့် အခြားသော အရပ်သားကာကွယ်ရေးအစီမံများကို အလေးထားဆောင်ရွက်ခြင်းနှင့် ဝါဒဖြန့်မှု အပြောင်းအလဲများ ပါဝင်နိုင်သည်။ 

တရုတ်၏ ရည်ရွယ်ချက်ကို ဆန်းစစ်အကဲဖြတ်ရာတွင် ပြည်ပကုမ္ပဏီများ၊  အချက်အလက်စီးဆင်းမှု၊ တရုတ်ဒေတာအချက်အလက်များကို ဝင်ရောက်ခွင့်နှင့် ပညာရေးဖလှယ်မှုတို့အပေါ် ကန့်သတ်ချက်များ တိုးလာခြင်းတို့ဖြင့် ရှုပ်ထွေးပွေလီလျက်ရှိသည်။ တရုတ်အနေဖြင့် အမေရိကန်သည်  ၎င်း၏ ဖွံဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးရန် ကြံရွယ်လျက်ရှိပြီး ၎င်းကို ဝိုင်းရံပိတ်ဆို့ထားရန် လုပ်ဆောင်လျက်ရှိသည်ဟု ယူဆထားကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ 

ထိုင်ဝမ်အပါအဝင် ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်လာနိုင်သည့် တရုတ်၏ ဆန်စပါးနှင့်ဆီ သိုလှောင်သိမ်းဆည်းမှု ပမာဏမှာ လျှို့ဝှက်ချက်အဖြစ်သာ ရှိနေသေးသည်။ သို့သော် မြို့ပြတည်ဆောက်မှုများကြောင့် လယ်ယာမြေများ ဆုံးရှုံးမှု၊ လယ်ယာလုပ်သား လျော့ကျလာမှု၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေရှားပါးလာမှုတို့နှင့်ပတ်သက်၍ တရုတ်တွင် စိုးရိမ်မှု ကြီးကြီးမားမား ရှိနေသည်။ 

“တရုတ်ရဲ့ စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရေးဆောင်ရွက်ချက်တွေဟာ ဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုတွေအပေါ် အစိုးရရဲ့ တုံ့ပြန်မှုလား၊ ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် တဆင့်တက်တာလားဆိုတာ အပြင်လူတွေအတွက် ဝေခွဲရခက်ပါတယ်” ဟု အမေရိကန် စိုက်ပျိုးရေးဌာနမှ စီးပွားရေးပညာရှင် ဂတ်စတာဗိုဖာရဲရာက ပြောကြားခဲ့သည်။ 

အဆိုပါ ကော်မရှင်သည် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေများကို စောင့်ကြည့်၊ စုံစမ်းလျက်ရှိသည်။ ၎င်းတွင် တိုက်ရိုက်ဥပဒေပြုပိုင်ခွင့်အာဏာ မရှိသော်လည်း အရေးယူဆောင်ရွက်မှုများ၊ မူဝါဒများနှင့်ပတ်သက်၍ ကွန်ဂရက်လွှတ်တော်သို့ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးနိုင်သည်။ 

သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် တရုတ်နိုင်ငံသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နည်းပညာ၊ နိုင်ငံခြားရေး၊ သမုဒ္ဒရာနှင့် အာကာသ စူးစမ်းလေ့လာရေး စသည့် အသွင်အမျိုးမျိုးဖြင့် ဘက်စုံ နိုင်ငံတော် လုံခြုံရေးကို အထူးအလေးထား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာပြီး တရားရေး၊ ဖွဲ့စည်းပုံနှင့် စစ်ဘက်-အရပ်ဘက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း မျက်မြင်သက်သေများက ကော်မရှင်သို့ ပြောကြားခဲ့သည်။ 

အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် ပြည်တွင်းရှိ စိုးရိမ်မှုများကို သေချာပေါက် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သော်လည်း ရည်ရွယ်ချက် နှစ်ခုစလုံးအတွက် ဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာ – တရုတ်သည် ၂၀၀၈ ခုနှစ်တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စီချွမ်ငလျင်လှုပ်ခတ်ပြီးနောက် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန် ရန်ရည်ရွယ်၍ အရေးပေါ်စီမံခန့်ခွဲမှုစနစ်ကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ သို့သော် အဆိုပါစနစ်တွင် လေကြောင်းမှ တိုက်ခိုက်မှုဒဏ်ကိုခံနိုင်သည့် ခိုလှုံရာနေရာများနှင့် ထောက်ပံ့ရေးပစ္စည်းသိုလှောင်ရုံများ ပါဝင်မှုသည် ပဋိပက္ခမှန်သမျှအတွက် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ 

ထို့ပြင် မျက်မြင်သက်သေများသည် အမေရိကန်အနေဖြင့် တင်းမာမှုများကို လျှော့ချပြီး ပဋိပက္ခကို ရှောင်ရှားနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍လည်း အကြံပြုချက်များ ပေးခဲ့သည်။ 

အဆိုပါ အကြံပြုချက်များတွင် အင်အားသုံးဆောင်ရွက်မည့် အန္တရာယ်နှင့်ပတ်သက်၍ တရုတ်၏ ထည့်သွင်းစဉ်းစားမှုများအပေါ် အနောက်မဟာမိတ်များအနေဖြင့် ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် တိုးမြှင့်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသားများအပေါ် အဆိုးမြင် သဘောထားများကို တိုက်ဖျက်ရန် အမေရိကန်အနေဖြင့် ပညာရေးဖလှယ်မှုများ၊ ခရီးသွားလုပ်ငန်းနှင့် အခြားသော ပြည်သူအချင်းချင်း ဆက်ဆံရေး မြှင့်တင်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။