နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၆ ဇွန် ၂၀၂၄)

ခင်ဦးမြို့နယ်အတွင်း NUG အစိုးရအားထောက်ခံကြောင်းနှင့် စစ်ကောင်စီရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒပြစဉ်(ဓာတ်ပုံ -ပုံဟောင်း)

အမျိုးသားညီညွတ်ရေး အစိုးရ

  • အမေရိကန်နိုင်ငံတွင် ဇွန် ၁၄ ရက်က ကျင်းပပြုလုပ်သည့် National Endowment For Democracy ၏ နှစ်ပတ်လည် အခမ်းအနား နှင့် The 2024 NED Democracy Awards အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
  • အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၈၀၅) တပ်ရင်း (နေပြည်တော် PDF) ၏ စစ်ဆင်ရေး လှုပ်ရှားမှု ပုံရိပ်များကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
  • မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ သံတံတား တိုးဂိတ်ဟောင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဇွန်လ ၁၄ ရက်၊ မွန်းလွဲပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ UG အဖွဲမှ တာဝန်ရှိသူ တစ်ဦးက‌ ပြောသည်။
  • တနင်္သာရီတိုင်း၊ လောင်းလုံမြိုနယ် အခြေစိုက် (NOGF) နွေဦး ပြောက်ကျားတပ်ဖွဲ့ အခြေခံစစ် သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်ဟု ဇွန်လ ၁၅ ရက်က ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၆ ရက်က စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၁၆ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကြေးနီတင်ကားများကို လုံခြုံရေး ပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဇွန်လ ၁၃ ရက်၊ နံနက် ၉ နာရီကျော်ခန့်က မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ Daung Karyan က ပြောသည်။
  • မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ကိုင်းတောမစခန်းက အရှေ့ဘက်ကို ထွက်လာသော အင်အား ၁၅ ဦးပါ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဇွန် ၁၅ ရက်၊ နံနက်ပိုင်းက ၁ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့သည်ဟု Young Force UG က ထုတ်ပြန်လိုက်သည်။
  • မကွေးတိုင်း၊ မြိုင်မြို့နယ်က ပြည်သူ့ပိုင်ပစ္စည်းများ ခိုးယူပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို မြိုင်ပကဖ ရင်း (၁) ခွဲ (၃)က ရဲဘော်များက ဇွန်လ ၁၅ ရက်၊ ညနေပိုင်းက စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
  • မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင် စစ်သားသစ် စုဆောင်းပေးနေသည့် အငြိမ်းစား ဗိုလ်ကြီးတစ်ဦး ဇွန် လ ၁၄ ရက်၊ ညနေ ၄ နာရီခွဲခန်က ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဇွန်လ ၁၁ ရက်၊ မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကြောင်းမှူး ဗိုလ်မှူးသန်းဌေးအောင် သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဇွန်လ ၁၅ ရက်၊ ညပိုင်းမှ စ၍ တိုက်ပွဲများ ဖြစ်ပွားနေ၍ ဒေသခံပြည်သူများ စတင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့တွင်း ပိတ်မိနေသူများလည်း ရှိကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊  အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဇွန်လ ၁၂ ရက်၊ ညနေ ၅ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • အမေရိကန်ပြည်ထောင်စု၊ Connecticut မြိုတွင် “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲ ပြုလုပ်နေပြီး ရှိသော ရန်ပုံငွေများကို တော်လှန်ရေးအတွက် ထောက်ပို့လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
  • တောင်ကိုရီးယားနိုင်ငံ၊ ချွန်းနန်းမြိုတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အကြို ဆုတောင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
  • တောင်ကိုရီးယားနိုင်ငံ စစ်သံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲကို ဇွန်လ ၁၆ ရက်၊ မွန်းလွဲပိုင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အောင်သာဝရ စစ်တပ်စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့များက ဇွန်လ ၁၄ ရက်၊ မွန်းလွဲပိုင်းက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးကာ လက်နက် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အနီးတွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ စစ်ရေး တင်းမာနေပြီး မြိုအနီးအနားရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အနောက်ခြမ်း စံကားဒေသ လုံကန်ကျေးရွာအုပ်စု ၊ နမ့်ဟူးရွာ လမ်းဆုံတွင် ဂိတ်ဖွင့်အခွန်ကောက်နေသည့် အကြမ်းဖက် စစ်အုပ်စု လက်ပါးစေ PNO ပြည်သူ့စစ် သုံးဦး ယမန်နေ့က ရှင်းလင်းခံလိုက်ရ သည်ဟု အင်းလေးလူထုလှုပ်ရှားမှုမှ သိရသည်။
  • ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ Kachin Sub – State ဒေသ၊ နမ့်ဖက်ကာမြို့တွင် KIO/KIA က လူဝင်မှု ကြီးကြပ်ရေးရုံးကို ဇွန် ၁၅ ရက်က ဖွင့်လှစ်ခဲ့သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။
  • ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အသစ်ဖွဲစည်းလိုက်သည့် တပ်မဟာ (၁၁) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့ ဇွန်လ ၁၅ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
  • ချင်းပြည်နယ်၊ တွန်းဇံမြို့သို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်လာစဉ် စစ်ကောင်စီ တပ်မှ အရာရှိများဦးဆောင်သည့် တပ်ဖွဲ့သည် ရဲများကို လှည့်ပင်မကြည့်ဘဲ ထွက်ပြေးသွား ကြောင်း ချင်းပူးပေါင်းတပ်မှ ဖမ်းမိထားသည့် ရဲတပ်ကြပ်သန်းစိုးက ပြောသည်။

စစ်ကောင်စီ

  • လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်နေသည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်က မိတ္ထီလာခရိုင် နှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာတွင် ပြောသည်။
  • ပြည်ပသို့ ထွက်ခွာမည့်သူများ အသေးသုံးနိုင်ငံခြားငွေကို လေဆိပ် (ပြည်ပဆိုက်‌ရောက်)ရှိ လိုင်စင်ရ ကုမ္ပဏီများဖြစ်သောGolden Money Services Co., Ltd ၏ ငွေလဲကောင်တာ နှင့် ကမာရွတ်‌၊ ပန်းပဲတန်း နှင့် မြောက်ဥက္ကလာရှိ Eastern Lad Co .,Ltd ၏ ငွေလဲကောင်တာ တို့တွင် လဲလှယ်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်မှ ထုတ်ပြန်ထား သည်။
  • လွိုင်ကော်မြို့ ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။
  • အများပြည်သူထံမှ တုံပြန့်မှုရယူမည့် အစီအစဉ် တစ်ရပ်ကို ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။
  • အဝေးသင် တက္ကသိုလ် သိပ္ပံကျောင်းသားများ လက်တွေ့တန်းဆောင်ရွက်သကဲ့သို စာသင်ချိန် အတန်းတက်ရောက်စေရေး ကြီးကြပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီး ဒေါက်တာ ညွန့်ဖေက ဇွန်လ ၁၄ ရက်က တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် ပြောသည်။

ဇွန် ၁၆ ရက် သုံးသပ်ချက်

  • အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု အမြဲပြောဆိုနေသော်လည်း တကယ်လက်တွေ့တွင် ၎င်းတို့ စစ်အုပ်စု စိုးမိုးနယ်မြေများ တဖြေးဖြေးဆုံးရှုံးနေပြီး စစ်အုပ်စု အုပ်ချုပ်နေသော နယ်မြေများ၌ လည်း စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်မှုများ ရှိနေခြင်းကြောင့်   ရွေးကောက်ပွဲသည် အမည်ခံရွေးကောက်ပွဲသာဖြစ်မည်ဟု ဆိုနိုင်သည်။