ချက်သမ္မတနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားကျင်းပပြီး “LOSE AND HOPE”  ရုပ်ရှင် ပြသ

ပုံအညွှန်း- ချက်သမ္မတ နိုင်ငံတွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ
ဓာတ်ပုံ – ပေးပို့

မဇ္ဈိမ။ ။ ချက်သမ္မတနိုင်ငံ၊ ပရပ်ဂ်မြို့ တော်၊   Vila Grebovka တွင် ဒေါ်အောင်ဆန်းစုကြည်၏  ၇၉  နှစ်မြောက်မွေးနေ့ အခမ်းအနား ကျင်းပပြီး “LOSE AND HOPE”  ရုပ်ရှင်ကို  ပြသခဲ့ကြသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်က ကျင်းပခဲ့ခြင်း ဖြစ်ပြီး   ချက်သမ္မတနိုင်ငံရှိ မြန်မာအသိုင်းအ၀ိုင်းနှင့်မြန်မာနိုင်ငံ ၏မိတ်ဆွေများတက်ရောက်ခဲ့ကြသည်။

ပွဲစီစဉ်သူတဦးဖြစ်သည့် Igor Blazevic က  “ မြန်မာပြည်သားတွေနဲ့ မြန်မာပြည်သားတွေရဲ့ စိတ်နှလုံးကို လက်ကိုင်ပြုတဲ့အသိုက်အဝန်းတခုအနေနဲ့ စုစည်းဖို့ အရေးကြီးပါတယ်။ အထီးကျန်ဆန်စွာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးနှစ်ကျော် အထီးကျန်ဆန်စွာနေထိုင်နေရကြောင်း ကမ္ဘာကြီးကို သတိပေးဖို့အရေးကြီးပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ သူရဲကောင်းပီသစွာ ကိုယ်ကျိုးမဖက်ဘဲ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲကြီးကို ထောက်ခံအားပေးကြဖို့လည်း အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။

“LOSE AND HOPE” ဇာတ်ကားကို ကရင်နီအနုပညာကောင်စီမှဖန်တီးထားပြီး ဒါရိုက်တာ John Meiaက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

LOSE AND HOPE ရုပ်ရှင်သည် စိတ်ခွန်အားတက်ကြွဖွယ်ကောင်းလှပြီး အခြေအနေမှန်များကို ထင်ဟပ်ထားသော ဇာတ်၀င်ခန်းများ၊ ဆွတ်ပျံ့လွမ်းမောဖွယ် ချစ်ဇာတ်လမ်းနှင့် တော်လှန်ရေးဇာတ်လမ်းဖြစ်ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူ မြန်မာပြည်သူတဦးက “ဇာတ်ကားဟာ မြန်မာပြည်သူတွေသာမက အားလုံးရဲ့ နှလုံးသားကိုထိခိုက်စေပြီး ရက်စက်ကြမ်းကြုတ်သောစစ်အာဏာရှင်တွေကို အခုရော နောက်ရောထာဝရဖယ်ရှားပစ်ဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ချမှတ်နိုင်စေခဲ့တယ်” ဟုပြောသည်။

ကရင်နီပြည်အတွင်းရှိ တော်လှန်သောလူငယ်များ၏ ပြောင်မြောက်လှသော ရဲစွမ်းသတ္တိ၊ အနစ်နာခံမှုနှင့် သန္နိဋ္ဌာန်ခိုင်ကျည်မှုတို့နှင့် ရုန်းကန်ရခက်ခဲလှသော အခြေအနေမှန်များကို ထင်ဟပ်လျက် ဂုဏ်ပြုရိုက်ကူးထားသည့်ရုပ်ရှင်ဖြစ်ကြောင်း သိရသည်။

ရပ်ဝေးရောက်နေတဲ့ မြန်မာတွေအတွက် ထိုရုပ်ရှင်သည် “မင်းတို့တွေ သွေးအေးမနေနဲ့၊ ဒါတွေက ငါတို့ဆီမှာ အမြဲတမ်း နေ့စဥ်နဲ့အမျှဖြစ်နေတာ၊ မင်းတို့သွေး အေးလို့မရဘူး၊ ကူညီနိုင်တဲ့ တဘက်တလမ်းက ကူညီကြလို့ ဆိုပြီး ပါးစပ်ကနေမပြောဘဲရုပ်ရှင်ကနေ တဆင့် ပို့လိုက်တဲ့ message တွေကိုရတယ်လို့ ကျနော်ခံစားရတယ်ပေါ့လေ”ဟု မြန်မာနိုင်ငံသားတဦးက ဆိုသည်။

ဥရောပ၊ အရှေ့တောင် အာရှ၊ သြစတြေးလျ၊ ကိုရီးယားနှင့် ဂျပန်၊ US နဲ့ UK နိုင်ငံတဝန်း ရှိ မိတ်ဆွေများနှင့် တခြား မြန်မာရွှေ့ပြောင်းနေထိုင်သူများကို ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့တွင် လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသော မြန်မာများက စည်းလုံးညီညွတ်ကြောင်းပြသပေးကြရန်  Igor Blazevic က ထိုအခမ်းအနားတွင် တိုက်တွန်းခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး